ဟောလီးဝုဒ်ရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Amanda Seyfried ဟာ သူမရဲ့ သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာ လိင်ဆက်ဆံခန်းပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ဆက်လက်ရိုက်ကူးဖို့ လုံးဝလက်မခံတော့ဘူးလို့ ဟမ်တန်စ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အရင်တုန်းကတော့ အဲဒီလိုဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတာ ပျော်စရာကောင်းပြီး သဘာဝကျတဲ့ အလုပ်တစ်ခုလို သဘောထားခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ လူစိမ်းတစ်ယောက်နဲ့ အဝတ်အစားမပါဘဲ အတူရှိရမယ့် အခြေအနေတွေကို လုံးဝမလုပ်ချင်တော့ဘူးလို့ ဆိုပါတယ်။

အသက်အရွယ်နဲ့ အတွေ့အကြုံတွေ ရလာတာနဲ့အမျှ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးခိုင်မာစွာ ချမှတ်လာနိုင်ပြီဖြစ်တယ်လို့ သူမက ထပ်လောင်းပြောပြခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့လုပ်ရပ်တွေကို သားသမီးတွေက အနီးကပ်ကြည့်ရှု အတုယူနေကြပြီဖြစ်တဲ့အတွက် ပိုပြီးသတိထားလာရတယ်လို့ ဆိုပါတယ်။ တစ်ခါတုန်းက လမ်းလျှောက်နေတုန်း ပရိသတ်တစ်ယောက်က ဓာတ်ပုံရိုက်ဖို့ လာတောင်းဆိုတာကို သမီးဖြစ်သူ ရှေ့မှာ မလုပ်ဖြစ်တော့ဘူးလို့ ငြင်းပယ်ခဲ့ဖူးပြီး အဲဒီလို ရဲရဲဝံ့ဝံ့ ငြင်းဆိုနိုင်တာကို သမီးဖြစ်သူကပါ အားကျဂုဏ်ယူကြောင်း ပြောပြခဲ့ဖူးပါတယ်။

ငယ်စဉ်က အသက် ၁၉ နှစ်အရွယ်တုန်းကဆိုရင် အလုပ်မဆုံးရှုံးချင်တာနဲ့ သူတစ်ပါးကို စိတ်မရှုပ်စေချင်တာကြောင့် အဆင်မပြေမှုတွေကို တိတ်တဆိတ် သည်းခံလက်ခံခဲ့မိဖူးကြောင်း သူမက ဝန်ခံပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ လိင်ဆက်ဆံခန်းအများကြီး ပါဝင်ရမယ့် တီဗီဇာတ်လမ်းတွဲ ကမ်းလှမ်းချက်တွေကိုပါ သူမအနေနဲ့ ဖြတ်ချပယ်ချခဲ့ပြီးဖြစ်ပါတယ်။ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေအပြင် အနုပညာလှုပ်ရှားမှုအသစ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပေမဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ မိသားစုအတွက် မူဘောင်စည်းကမ်းတွေကိုတော့ တင်းတင်းကျပ်ကျပ် ကိုင်စွဲသွားဖို့ ဆုံးဖြတ်ထားပါတယ်။

Ref : Variety