လူသားတွေရဲ့ ဘဝမှာ ရင်းနှီးကျွမ်းဝင်မှုနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ လိင်မှုကိစ္စဟာ အသက်အရွယ်မရွေး အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

အသက်ကြီးလာလို့ လိင်မှုဘဝ ပြီးဆုံးသွားပြီလို့ ထင်မှတ်တတ်ကြပေမယ့် တကယ်တမ်းမှာတော့ ပိုမိုရင့်ကျက်မှုတွေနဲ့အတူ အကောင်းဆုံးဖန်တီးနိုင်ကြပါတယ်။

ကိုယ်ခန္ဓာပြောင်းလဲမှုတွေကို လက်ခံနားလည်ပေးပြီး စိတ်ကူးသစ်တွေနဲ့သာ ပုံဖော်မယ်ဆိုရင် အရွယ်တင်နုပျိုမှုတွေကိုပါ ရရှိစေမှာ သေချာပါတယ်။

အောက်မှာတော့ အသက်အရွယ်ကြီးရင့်လာချိန်မှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့အတူ သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတဲ့ အချက်အလက်တွေကို အသေးစိတ် လေ့လာကြည့်နိုင်ပါတယ်။

၁။ အကျိုးကျေးဇူးတွေကို နားလည်ခြင်း - လိင်မှုကိစ္စဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ တိုးတက်စေပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ကျစေခြင်း၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးခြင်း၊ သက်တမ်းရှည်စေခြင်းနဲ့ အိမ်ထောင်ဖက်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၂။ မိမိကိုယ်ကို လက်ခံခြင်းနဲ့ ဘေးကင်းရေး - အသက်အရွယ်အရ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို လက်ခံပြီး မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ အသက်ကြီးလာလို့ ကိုယ်ဝန်မရနိုင်တော့ပေမယ့် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ အန္တရာယ်ရှိသေးတဲ့အတွက် ဘေးကင်းအောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်။

၃။ ပွင့်လင်းစွာ ဆွေးနွေးခြင်း - လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ စိတ်ကူးသစ်တွေကို အဖော်ဖြစ်သူနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာက ဆက်ဆံရေးကို ပိုကောင်းစေပါတယ်။ ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါး ပြောဆိုဆွေးနွေးတာက ပိုပြီး အဆင်ပြေစေပါတယ်။

၄။ ရင်းနှီးကျွမ်းဝင်မှုကို အလေးထားခြင်း - လိင်ဆက်ဆံခြင်းတစ်ခုတည်းသာမကဘဲ ဖက်တွယ်ခြင်း၊ နမ်းရှုပ်ခြင်းနဲ့ နှိပ်နယ်ပေးခြင်းတွေကလည်း သာယာမှုကို ပေးစွမ်းနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လိင်မှုကိစ္စအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကျယ်ကျယ်ပြန့်ပြန့် တွေးတောပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှု အပြည့်ပေးဖို့ လိုအပ်ပါတယ်။

၅။ အသစ်အဆန်းတွေကို စမ်းသပ်ခြင်း - နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့် ပုံစံသစ်တွေကို စမ်းသပ်ကြည့်ဖို့ ဝန်မလေးပါနဲ့။ ပင်ပန်းတဲ့ ညဘက်တွေအစား ခွန်အားအပြည့်ဝဆုံး မနက်ခင်းအချိန်တွေမှာ အတူနေတာမျိုး အချိန်ဇယားတွေ ပြောင်းလဲကြည့်နိုင်ပါတယ်။ လုံလောက်တဲ့ အချိန်ယူပြီး ရိုမန်တစ်ဆန်ဆန် နေထိုင်ဖို့လည်း အရေးကြီးပါတယ်။

၆။ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ကျော်လွှားခြင်း - စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးတာတွေက လိင်မှုဘဝကို ထိခိုက်စေပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်ပေးပြီး စိတ်ကို ပေါ့ပေါ့ပါးပါးထားကာ အားကစားလုပ်သလို သဘောထားပြီး ပြန်လည်စတင်ကြည့်သင့်ပါတယ်။

၇။ ကျန်းမာရေးစောင့်ရှောက်မှု ရယူခြင်း - နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါအခံတွေ ဒါမှမဟုတ် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့် လိင်မှုစွမ်းဆောင်ရည် ကျဆင်းလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်ရယူသင့်ပါတယ်။ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လာရင်ဖြစ်စေ၊ အမျိုးသမီးတွေမှာ လိင်အင်္ဂါခြောက်သွေ့မှုတွေ ဖြစ်လာရင်ဖြစ်စေ ဆေးဝါးအကူအညီရယူဖို့ မရှက်ပါနဲ့။ နှလုံးရောဂါရှိသူတွေအနေနဲ့လည်း ချွေးထွက်တဲ့အထိ အားကစားလုပ်နိုင်တဲ့ အခြေအနေဆိုရင် ဆရာဝန်ခွင့်ပြုချက်နဲ့ လိင်မှုကိစ္စကို ဘေးကင်းစွာ ဆောင်ရွက်နိုင်ပါတယ်။

Ref : helpguide