နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း အင်တာနက်စာမျက်နှာတွေမှာ အမျိုးသားတွေအတွက် No Nut November ဆိုတဲ့ စိန်ခေါ်မှုတစ်ခုက ရေပန်းစားလာလေ့ရှိပါတယ်။
အဲဒီစိန်ခေါ်မှုက တစ်လတိတိ လိင်မှုကိစ္စတွေကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူမှုကွန်ရက်တွေမှာ ယုံကြည်နေကြပါတယ်။
သုတ်ရည်ထိန်းသိမ်းခြင်းကနေ ခွန်အားတွေတိုးလာမယ်လို့ ဆိုကြပေမယ့် ဒါက တကယ်ပဲ သိပ္ပံနည်းကျ မှန်ကန်မှုရှိပါသလားဆိုတာ စိတ်ဝင်စားစရာပါ။
အခုအခါမှာတော့ ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦးက အဲဒီအယူအဆတွေနဲ့ ပတ်သက်ပြီး ဆေးပညာရှုထောင့်ကနေ ရှင်းလင်းပြောကြားလိုက်ပါတယ်။

လိင်မှုကိစ္စရှောင်ကြဉ်ခြင်းရဲ့ အကျိုးဆက်အကြောင်းကို ရှင်းပြရာမှာ တစ်လတိတိ ရှောင်ကြဉ်တာက ကျန်းမာရေးနဲ့ မျိုးပွားစနစ်ကို ထိခိုက်မှုမရှိဘူးလို့ ဆရာဝန်က အတည်ပြုထားပါတယ်။
အချိန်ကြာရှည်စွာ ရှောင်ကြဉ်တာက သုတ်ကောင်ရေနဲ့ သုတ်ရည်ပမာဏကို တိုးလာစေနိုင်ပေမယ့် သုတ်ကောင်တွေရဲ့ အရည်အသွေးကိုတော့ ပိုကောင်းမလာစေပါဘူး။
သုတ်ရည်ထိန်းသိမ်းထားတာက တက်စတိုစတီရုန်း ဟော်မုန်းကို မြင့်တက်စေတာ၊ ခွန်အားတိုးစေတာနဲ့ စွမ်းဆောင်ရည် ပိုကောင်းလာစေတာစတဲ့ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။
နောက်ထပ်လေ့လာတွေ့ရှိချက်တစ်ခုကတော့ ဆီးကျိတ်ကင်ဆာအန္တရာယ်နဲ့ ပတ်သက်နေပါတယ်။ တစ်လကို အကြိမ် ၂၀ နဲ့ အထက် သုတ်ရည်ထုတ်လွှတ်တဲ့ အမျိုးသားတွေဟာ ၄ ကြိမ်ကနေ ၇ ကြိမ်သာ ထုတ်လွှတ်သူတွေနဲ့ ယှဉ်ရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ ပိုနည်းတာကို တွေ့ရပါတယ်။

မကြာခဏ ထုတ်လွှတ်ပေးတာက ဆီးကျိတ်အတွင်းမှာ အန္တရာယ်ရှိတဲ့ ဓာတ်တွေ စုပုံနေတာကို တားဆီးပေးနိုင်လို့ ဖြစ်ပါတယ်။
ခန္ဓာကိုယ်က အသုံးမပြုတဲ့ သုတ်ကောင်တွေကို သဘာဝအလျောက် ဖြိုခွဲပြီး ပြန်လည်စုပ်ယူတဲ့စနစ် ပါရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဒါမှမဟုတ် သုတ်ရည်ဖယ်ရှားဖို့ အထူးတလည် လုပ်ဆောင်စရာ မလိုအပ်ပါဘူး။
ဒါ့အပြင် ကလေးယူဖို့ ကြိုးစားနေသူတွေအတွက်လည်း သုတ်ရည်စုဆောင်းထားတာက အထောက်အကူမဖြစ်စေဘဲ ကလေးရနိုင်ချေရှိတဲ့ရက်တွေမှာ တစ်ရက်ခြား အတူနေတာကသာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုထားပါတယ်။
Ref: nypost


