အချစ်ရေးမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ သတိထားမိဖို့ ခက်ခဲတတ်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ချစ်သူရဲ့ စကားတွေက သာမန်လို ထင်ရပေမယ့် တကယ်တမ်းမှာတော့ အဲဒီစကားတွေနောက်မှာ ထိန်းချုပ်ချင်တဲ့ သဘောတွေ ပါဝင်နေတတ်ပါတယ်။

ဒီလိုဆက်ဆံရေးမျိုးမှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာနဲ့ စိတ်ဒဏ်ရာရတာတွေအထိ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဆက်ဆံရေး တစ်ခုမှာ လုံခြုံမှုမရှိဘူးလို့ ခံစားနေရပြီဆိုရင် သူပြောတတ်တဲ့ စကားတွေကို သေချာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုအပ်လာပါပြီ။

၁။ မင်းမရှိရင် မနေနိုင်ဘူးလို့ ပြောခြင်း

ကိုယ့်ချစ်သူက သူ့ရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေနဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးဖို့ သင့်ကို အလွန်အမင်း မှီခိုနေတာမျိုး ဖြစ်ပါတယ်။ သူ့မှာ ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း မရှိဘဲ သူ့ရဲ့ လိုအပ်ချက်တိုင်းအတွက် သင့်ကိုပဲ အသုံးချနေတာကြောင့် ဒါဟာ ဆက်ဆံရေးမှာ အန္တရာယ်ရှိတဲ့ အာဏာချိန်ခွင်လျှာ မညီမျှမှု တစ်ခုပဲ ဖြစ်ပါတယ်။

၂။ အချိန်တိုင်း ဘယ်ရောက်နေလဲ သိချင်နေခြင်း

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ အဓိက လက္ခဏာကတော့ ထိန်းချုပ်ချင်တာပဲ ဖြစ်ပါတယ်။ သင့်ကို ပိုင်ဆိုင်ပစ္စည်းတစ်ခုလို သဘောထားပြီး လွတ်လပ်ခွင့် အားလုံးကို ရုပ်သိမ်းကာ သူ့ကိုပဲ အလုပ်အကျွေးပြုရမယ်လို့ ယူဆထားတဲ့ အပြုအမူမျိုး ဖြစ်ပါတယ်။

၃။ ဆက်ဆံရေး ပျက်စီးတော့မယ်လို့ ကြိုတင်ဟောကိန်းထုတ်ခြင်း

အမြဲတမ်း အဆိုးမြင်စိတ်တွေ သွင်းပေးပြီး ဆက်ဆံရေးက ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ အမြဲ ပြောဆိုနေတတ်ပါတယ်။ အဲဒီလို အဆိုးမြင်စကားတွေ ပြောပြီး သင့်ကို ပျော်ရွှင်မှုတွေထဲကနေ ဝမ်းနည်းပူဆွေးမှုတွေဆီ ဆွဲချကာ စိတ်ဓာတ်ကျအောင် တမင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

၄။ မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်းကို တားဆီးခြင်း

သူအထီးကျန်ဖြစ်ကျန်ခဲ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ ပေးမတွေ့တာဟာ ကြီးမားတဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်တာက သင့်ကို အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး အထီးကျန်အောင် လုပ်ကာ သူ့ကိုပဲ အားကိုးလာအောင် ခြိမ်းခြောက်တဲ့ အပြုအမူ ဖြစ်ပါတယ်။

၅။ သင့်ရဲ့ အတည်ပြုချက်ကို အမြဲတောင်းခံနေခြင်း

ငါစိတ်တိုနေရင်တောင် မင်းငါ့ကို ချစ်သေးလားဆိုတဲ့ မေးခွန်းမျိုးတွေ မကြာခဏ မေးပြီး ဆက်ဆံရေးမှာ အမြဲတမ်း မလုံခြုံသလို ခံစားရအောင် ပြုလုပ်တတ်ပါတယ်။ သူတို့ဟာ ရိုးသားတဲ့ ဆက်ဆံရေးကို လိုချင်တာ မဟုတ်ဘဲ သူတို့က လုံလောက်တဲ့သူ၊ တော်တဲ့သူ ဖြစ်တယ်ဆိုတာကို သင့်ဆီကနေ အမြဲတမ်း အတည်ပြုချက် တောင်းခံနေတာ ဖြစ်ပါတယ်။

၆။ သူသာမရှိရင် သင်က ဘာမှတန်ဖိုးမရှိဘူးလို့ ပြောဆိုခြင်း

သူသာမရှိရင် သင်ဟာ အသုံးမကျတဲ့သူ ဖြစ်သွားမယ်၊ တခြားဘယ်သူကမှ သင့်ကို ချစ်မှာ မဟုတ်ဘူးလို့ ပြောဆိုတတ်ပါတယ်။ ဒါဟာ သင့်ကိုယ်သင် ယုံကြည်မှု ကင်းမဲ့သွားအောင်နဲ့ သူ့ကိုပဲ အမြဲ မှီခိုနေအောင် စိတ်ပိုင်းဆိုင်ရာ ကစားတဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။

၇။ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ဘူးလို့ ပြောဆိုခြင်း

သင့်ရဲ့ ကိုယ်ပိုင် အကြံဉာဏ်တွေကို နှိမ့်ချပြီး သင့်မှာ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း မရှိဘူးလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။ စကားလမ်းကြောင်းလွှဲပြီး သင့်ကို စော်ကားတဲ့အပြင် အစက ပြောနေတဲ့ အကြောင်းအရာကိုပါ လမ်းကြောင်းလွှဲပစ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

Ref: bustle