ကျန်းမာရေးကောင်းဖို့အတွက် ကွီးတို့ နေ့စဉ်လေ့ကျင့်ခန်းလုပ်နေပေမယ့် နည်းလမ်းမမှန်ရင် အသက်အန္တရာယ်ရှိတဲ့ နှလုံးဖောက်ခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။
အထူးသဖြင့် လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန် ၁ နာရီအတွင်းဟာ လူတွေမှာ နှလုံးဖောက်နိုင်ခြေ အမြင့်ဆုံးအချိန် ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ Dr. Benz Masterpiece က လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ နှလုံးဖောက်တာမဖြစ်အောင် သတိထားရှောင်ကြဉ်ရမယ့် အချက် ၄ ချက်ကို ဗီဒီယိုနဲ့ မျှဝေသတိပေးခဲ့ပါတယ်။

၁။ သွေးပူလေ့ကျင့်ခန်းနဲ့ အကြောလျှော့တာကို မလုပ်ဘဲ မနေပါနဲ့
လေ့ကျင့်ခန်းမလုပ်ခင် ၁၀ မိနစ်ကနေ ၂၀ မိနစ်လောက်အထိ သွေးပူလေ့ကျင့်ခန်း (Warm up) လုပ်ပေးရမှာဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း ၅ မိနစ်ကနေ ၁၀ မိနစ်လောက်အထိ အကြောလျှော့တာ (Cool down) ကို မဖြစ်မနေ လုပ်ပေးရပါမယ်။

၂။ အိပ်ရေးမဝဘဲ မနက်ခင်းလေ့ကျင့်ခန်း မလုပ်ပါနဲ့
မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်မယ့်သူတွေဟာ ညဘက်မှာ လုံလုံလောက်လောက် အနားယူထားဖို့ လိုအပ်ပါတယ်။ စာရင်းဇယားတွေအရ အရင်ညက အိပ်ချိန် ၆ နာရီထက် နည်းခဲ့မယ်ဆိုရင် နှလုံးဖောက်နိုင်ခြေ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပါတယ်။

၃။ ရေဓာတ်ခန်းခြောက်နေချိန် လေ့ကျင့်ခန်း မလုပ်ပါနဲ့
မနက်အိပ်ရာနိုးတာနဲ့ ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်ကို ရေ ၅ ကနေ ၇ စီစီနှုန်းနဲ့ လုံလောက်အောင် သောက်ပေးရပါမယ်။ ဥပမာ ကိုယ်အလေးချိန် ၅၀ ကနေ ၆၀ ကီလိုဂရမ်ရှိသူဆိုရင် ရေ ၁ ခွက်ခွဲ (၁ ခွက် = ၂၅၀ မီလီလီတာ) သောက်သင့်ပါတယ်။ ရေဓာတ်ခန်းခြောက်နေချိန် ချွေးထွက်များသွားရင် နှလုံးက သွေးညှစ်အားကျဆင်းပြီး ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်မလုံလောက် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစားအသောက် တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေသူတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်။

၄။ လေ့ကျင့်ခန်းမလုပ်ခင် အားဖြည့်အချိုရည်တွေ မသောက်ပါနဲ့
ကဖင်းဓာတ်များတဲ့ အားဖြည့်အချိုရည်တွေနဲ့ လေ့ကျင့်ခန်းမလုပ်ခင် သောက်တဲ့ ဖြည့်စွက်စာတွေ (Pre-workout supplements) ဟာ နှလုံးဖောက်နိုင်ခြေနဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေကို ၄ ဒသမ ၅ ဆအထိ မြင့်တက်စေတယ်လို့ အစီရင်ခံထားပါတယ်။ ဒါပေမဲ့ ကျန်းမာတဲ့သူတွေအနေနဲ့ လေ့ကျင့်ခန်းမလုပ်ခင် ၂ နာရီအတွင်း ကော်ဖီ ၁ ခွက်လောက် သောက်တာကတော့ ယေဘုယျအားဖြင့် အန္တရာယ်မရှိပါဘူး။
Ref: Khaosod


