Apple ရဲ့ ပထမဆုံး ထွက်ရှိတဲ့ ခေါက်ဖုန်းဖြစ်တဲ့ iPhone Duo ဟာ လူကြိုက်များနေပြီး ဝယ်လိုအား မြင့်မားလာနိုင်တဲ့အတွက် Apple ဘက်က ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတွေကို အော်ဒါ ၃၀ ရာခိုင်နှုန်းတိုးမှာလိုက်ပါတယ်။ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြိုတင်မှာယူမှုတွေ စတင်လက်ခံတော့မှာဖြစ်ပြီး ဒီလို ထုတ်လုပ်မှု မြှင့်တင်လိုက်တာက နည်းပညာလောကမှာ ရိုက်ခတ်မှု အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။

ခန့်မှန်းခြေအားဖြင့် အဲဒီဖုန်းရဲ့ စတင်ရောင်းချမယ့်ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁,၉၉၉ ဝန်းကျင်မှာ ရှိနိုင်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့ကစလို့ နိုင်ငံနဲ့ ဒေသပေါင်း ၇၀ ကျော်မှာ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ စုစုပေါင်း မှာယူမှုပမာဏက အလုံး ၁၀ သန်းအောက်မှာသာ ရှိနေသေးပေမယ့် တစ်ကမ္ဘာလုံးဆိုင်ရာ ခေါက်ဖုန်းဈေးကွက်ရဲ့ ၂၅ ရာခိုင်နှုန်း (အလုံး ၆ သန်း)ခန့်ကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ Counterpoint Research က ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ဒီလို အော်ဒါတိုးမြှင့်မှုတွေဟာ တကယ့်ဖောက်သည်တွေရဲ့ ဝယ်ယူမှုအပေါ် အခြေခံထားတာမဟုတ်ဘဲ ကြိုတင်မှာယူမှု မစတင်ခင် ကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နာမည်ကျော် Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်တာကြောင့် စားသုံးသူတွေကြားမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ထုတ်ကုန်တစ်ခု ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။
ဒါ့အပြင် iPhone 18 Pro စီးရီးတွေဘက်မှာလည်း ထူးခြားမှုတွေ ရှိနေပါတယ်။ iPhone 18 Pro အော်ဒါတွေက ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားပေမဲ့ iPhone 18 Pro Max အော်ဒါတွေကတော့ အဲဒီပမာဏနီးပါး တက်လာခဲ့ပါတယ်။ အဲဒီအတွက် စုစုပေါင်း Pro စီးရီး ထုတ်လုပ်မှုပမာဏကတော့ တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။
Ref : yahoo

