ရေရှည်ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ရင်းနှီးကျွမ်းဝင်မှုဆိုတာ တဖြည်းဖြည်း မှေးမှိန်သွားတတ်ပါတယ်။ တစ်အိမ်တည်းတူတူနေကြပေမယ့် အခန်းဖော်တွေလိုဖြစ်နေပြီး နက်ရှိုင်းတဲ့ ချိတ်ဆက်မှုမျိုး ပျောက်ဆုံးနေတတ်ပါတယ်။
တကယ့်ရင်းနှီးကျွမ်းဝင်မှုဆိုတာ သူ့အလိုလိုဖြစ်မလာဘဲ အချိန်ပေးပြီး သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကနေ ခွဲထွက်ပြီး ချစ်သူနဲ့ကြားက ဆက်သွယ်မှုကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

🔶 စိတ်ကို အရင်တည်ငြိမ်အောင် ပြင်ဆင်ပါ
အလုပ်လုပ်နေတဲ့ မုဒ်ကနေ ချက်ချင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့။ အိပ်ခန်းထဲ ဖုန်းတွေမယူလာဘဲ မီးရောင်ကို မှိန်ထားကာ ဖယောင်းတိုင်ထွန်းတာ၊ နှစ်သက်တဲ့ သီချင်းဖွင့်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ မထိတွေ့ခင် နှစ်ယောက်တူတူ စကားပြောတာမျိုးနဲ့ စိတ်ကို အရင်တည်ငြိမ်အောင် ၅ မိနစ်လောက် အချိန်ပေးတာက လုံခြုံနွေးထွေးတဲ့ ခံစားမှုကို ရရှိစေပါတယ်။

🔶 အနှိပ်ပညာကို ထိထိရောက်ရောက် အသုံးချပါ
ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ဖို့ အနှိပ်ပညာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုတည်းကိုပဲ အာရုံမစိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို အာရုံစိုက်ပြီး ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာက စိတ်လှုပ်ရှားမှုကို ပိုမိုမြင့်တက်စေပါတယ်။ ခေါင်းနဲ့ လည်ပင်းတွေကနေစပြီး အောက်ပိုင်းဆီကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှစ်ဦးသား ပိုမိုနီးကပ်မှုကို ဖြစ်ပေါ်စေပါတယ်။

🔶 ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်ဆောင်ပါ
သူ့အလိုလိုဖြစ်လာမယ့် အချိန်ကို စောင့်မနေဘဲ ကိုယ်တိုင် ဖန်တီးယူပါ။ မှိန်ပျပျ အလင်းရောင်၊ အရည်အသွေးကောင်းတဲ့ အိပ်ရာခင်း၊ ရင်းနှီးတဲ့ အနံ့အသက်နဲ့ သီချင်းတွေကို ကြိုတင်ပြင်ဆင်ထားတာက အချစ်ရေးကို ပိုမိုအသက်ဝင်စေပါတယ်။ အထူးသဖြင့် အတိတ်က ကြည်နူးစရာ အမှတ်တရတွေကို ပြန်လည်အသက်ဝင်စေမယ့် အနံ့နဲ့ သီချင်းတွေက အကောင်းဆုံး ချိတ်ဆက်မှုတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

🔶 စဉ်ဆက်မပြတ် ရွေးချယ်ကြိုးစားပါ
ရင်းနှီးကျွမ်းဝင်မှုဆိုတာ တစ်ကြိမ်တည်းနဲ့ ပြီးသွားတဲ့အရာမဟုတ်ဘဲ အမြဲတမ်း ဆက်လက်ရွေးချယ်ကြိုးစားနေရမယ့် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကွာဟချက်တွေကို လျှော့ချပြီး အပြန်အလှန် နားလည်မှုနဲ့ ကြိုးစားသွားမယ်ဆိုရင် ပြင်ပကမ္ဘာရဲ့ ဆူညံသံတွေကို မေ့ပျောက်ပြီး နှစ်ဦးသားကြားက ချိတ်ဆက်မှုကို ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။
Ref : sutilvibes


