ကျန်းမာရေးအကြောင်း ဆွေးနွေးကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ဦးစားပေးလေ့ရှိပေမယ့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လာရင်တော့ လူတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေ အများကြီး ရှိနေတတ်ပါတယ်။

အဲဒီ အယူအဆအမှားတွေဟာ လူတွေရဲ့ ရင်းနှီးကျွမ်းဝင်မှု၊ သာယာမှုနဲ့ ဘေးကင်းလုံခြုံမှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာပြီး ဘေးကင်းစိတ်ချရတဲ့ လိင်မှုဘဝကို တည်ဆောက်နိုင်ဖို့အတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး အချက်အနေနဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာ လုံးဝဘေးကင်းတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေ ရှိနေပါတယ်။

ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အများကြီးရှိနေနိုင်သလို နှုတ်ခမ်းနဲ့ လျှာတွေမှာရှိတဲ့ အနာတရလေးတွေကနေတစ်ဆင့် ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ဒါကြောင့် ကွန်ဒုံးနဲ့ Dental Dam လိုမျိုး အကာအကွယ်တွေ အသုံးပြုဖို့ လိုအပ်ပေမယ့် လူ့အသိုင်းအဝိုင်းမှာ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ရှက်ရွံ့နေတတ်ကြပါတယ်။

အကောင်းဆုံး နည်းလမ်းကတော့ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာနဲ့ အချင်းချင်း ပွင့်ပွင့်လင်းလင်း မေးမြန်းတိုင်ပင်တာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ လိင်မှုကိစ္စမှာ စွမ်းဆောင်ရည်ကောင်းဖို့ကိုပဲ ဖိအားပေးတွေးတောနေတာထက် အချင်းချင်း နားလည်မှုနဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုတာက ပိုပြီး အရေးကြီးပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် သာယာမှုရယူပုံချင်း မတူညီတဲ့အတွက် ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းက သာယာမှုကို ပိုတိုးစေပါတယ်။

အပြန်အလှန် မေးမြန်းဆွေးနွေးတာကို အနှောင့်အယှက်တစ်ခုလို့ မမြင်ဘဲ စိတ်ခံစားမှု ပိုမိုကောင်းမွန်စေတဲ့ ကြိုတင်ပြင်ဆင်မှုတစ်ခုအနေနဲ့ သတ်မှတ်သင့်ပါတယ်။

မိမိရဲ့ အတ္တကို ရှေ့တန်းမတင်ဘဲ လက်တွဲဖော်ရဲ့ အကြံပြုချက်တွေကို နားထောင်ပေးတာက ခိုင်မာတဲ့ ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ပြောဆိုတာကို တစ်ဖက်လူက အပြစ်တင်စော်ကားတယ်လို့ အထင်လွဲတတ်ကြတာပဲ ဖြစ်ပါတယ်။

တကယ်တော့ သန့်ရှင်းရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုတာဟာ အပြန်အလှန် လေးစားမှုနဲ့ ယုံကြည်မှုကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။

တချို့ ရောဂါပိုး ကူးစက်မှုတွေဟာ ရောဂါလက္ခဏာ မပြတတ်တဲ့အတွက် အနံ့အသက်ကို သတိထားမိတဲ့ လက်တွဲဖော်က ပွင့်ပွင့်လင်းလင်း ပြောပြမှသာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှက်ရွံ့တာမျိုး၊ ဒေါသထွက်တာမျိုး မလုပ်ဘဲ အမှန်တရားကို လက်ခံဆွေးနွေးခြင်းကသာ ကျန်းမာပြီး သာယာတဲ့ ဆက်ဆံရေးကို ရရှိစေမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုတာ ရှက်ရွံ့မှုတွေကို ဖယ်ရှားပြီး အမှန်တရားကို လက်ခံကျင့်သုံးတာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဗဟုသုတတွေ ရှိထားမှသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Ref : ebony