ကွီးတို့ အသက် ၄၀ အရွယ်ကို ရောက်လာတဲ့အခါ ကျန်းမာရေး သတိပေးချက်တွေက ရုတ်တရက် ဆိုသလို ရောက်လာတတ်ပါတယ်။ အူမကြီး မှန်ပြောင်းကြည့်ဖို့ စီစဉ်တာ၊ ကိုလက်စထရောကို စောင့်ကြည့်တာ၊ ဒါမှမဟုတ် လေ့ကျင့်ခန်း မလုပ်ခင် အကြောလျှော့တာမျိုးတွေ လုပ်လာရပါတယ်။

ဒါပေမဲ့ ပြဿနာ စမဖြစ်မချင်း အမျိုးသားအများစု သတိမထားမိတတ်တဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့ ဆီးကျိတ်ပဲ ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်က သဘာဝအတိုင်း ကြီးထွားလာပါတယ်။ ဒါဟာ အဖြစ်များပြီး အများအားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ ညဘက် ၃ ကြိမ်လောက် ထပြီး ဆီးသွားရတာ၊ ဒါမှမဟုတ် ဆီးအိမ်ထဲက ဆီးတွေ အကုန်မသွားလိုက်ရဘူးလို့ ခံစားရတာစတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ရောဂါလက္ခဏာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

Hartford ဆေးရုံရဲ့ Tallwood ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ဆိုင်ရာ အင်စတီကျုက ဆီးလမ်းကြောင်း အထူးကုဆရာဝန် ဒေါက်တာ Michael Siev က ရောဂါလက္ခဏာတွေကို သိထားဖို့နဲ့ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသဖို့ ဒါမှမဟုတ် ကုသမှုခံယူဖို့ လိုအပ်လဲဆိုတာကို သိထားဖို့ အရေးကြီးပါတယ်လို့ ပြောပါတယ်။

အသက် ၄၀ ကျော် အမျိုးသားတိုင်း သူတို့ရဲ့ ဆီးကျိတ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဆီးကျိတ်ကြီးခြင်း (BPH) ဟာ အဖြစ်များပါတယ်

ဟော်မုန်း အပြောင်းအလဲတွေ၊ ဆဲလ်ကြီးထွားမှုနဲ့ အသက်အရွယ်ကြီးရင့်မှုတွေကြောင့် အမျိုးသား အားလုံးနီးပါးဟာ တစ်ချိန်ချိန်မှာ ဆီးကျိတ်ကြီးလာတတ်ပါတယ်။

ဆီးကျိတ်ဆိုတာက ခန္ဓာကိုယ်ထဲကနေ ဆီးတွေကို သယ်ဆောင်ပေးပြီး သုက်ရည်ထုတ်လုပ်ဖို့ ကူညီပေးတဲ့ ပြွန်ဖြစ်တဲ့ ဆီးလမ်းကြောင်းကို ရစ်ပတ်ထားတဲ့ ဂလင်းအသေးလေး တစ်ခုဖြစ်ပါတယ်။

ဒေါက်တာ Siev က သာမန် ဆီးကျိတ်ကြီးခြင်း သို့မဟုတ် BPH ဆိုတာ ဆီးကျိတ်ကြီးထွားလာတာကို ခေါ်တာဖြစ်ပြီး အများအားဖြင့် အသက် ၄၀ အရွယ်တွေမှာ စတင်တတ်ပေမဲ့ အသက် ၃၀ အရွယ်တွေလို စောစောစီးစီး ဒါမှမဟုတ် အသက် ၈၀ အရွယ်တွေလို နောက်ကျပြီးမှလည်း ဖြစ်နိုင်ပါတယ်လို့ ရှင်းပြထားပါတယ်။

၂။ BPH က ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ် (ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး)

ဆီးကျိတ်ကြီးတဲ့ သူတချို့မှာ ရောဂါလက္ခဏာတွေ ပြတတ်ပေမဲ့ တချို့မှာတော့ မပြတတ်ပါဘူး။

ဒေါက်တာ Siev က ဒါဟာ ဆီးကျိတ် ဘယ်လောက် ကြီးထွားလာလဲ (အရွယ်အစားနဲ့ ပုံသဏ္ဌာန် နှစ်ခုစလုံး) နဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီ အပြောင်းအလဲတွေက ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတာအပေါ် မူတည်ပါတယ်လို့ ပြောပါတယ်။

ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ အောက်ပါတို့ ပါဝင်နိုင်ပါတယ်။

🛑 ဆီးသွားဖို့ ညဘက် အကြိမ်ကြိမ် နိုးတာ

🛑 ဆီးစသွားဖို့ ညှစ်ရတာ သို့မဟုတ် အားစိုက်ရတယ်လို့ ခံစားရတာ

🛑 နေ့ခင်းဘက်တွေမှာ ဆီးပိုခဏခဏ သွားရတာ

🛑 ရုတ်တရက် ဆီးသွားချင်စိတ်ဖြစ်ပြီး အောင့်ထားဖို့ ခက်ခဲတာ

🛑 ဆီးအိမ်ထဲက ဆီးတွေ အကုန်မသွားလိုက်ရဘူးလို့ ခံစားရတာ

ဒါပေမဲ့ ဆီးထဲမှာ သွေးပါတာကတော့ ဆီးကျိတ်ကြီးတဲ့ သာမန်လက္ခဏာ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်လာရင် ချက်ချင်း ဆေးကုသမှု ခံယူပါ။

၃။ BPH အတွက် ကုသမှုခံယူဖို့ လိုအပ်ရင် ကုသနိုင်ပါတယ်

BPH ဖြစ်နေတဲ့ သူတိုင်း ကုသမှုခံယူဖို့ မလိုအပ်ပါဘူး။ တစ်ခါတလေမှာ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေကလည်း အထောက်အကူ ဖြစ်စေပါတယ်။

သင့်ရဲ့ ဆီးကျိတ်ကျန်းမာရေးကို ထောက်ကူပေးဖို့ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်လို့ ဒေါက်တာ Siev က ထပ်လောင်းပြောကြားခဲ့ပါတယ်။ တက်တက်ကြွကြွ နေပါ၊ မှန်ကန်စွာ စားသုံးပါ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ၊ အရက်သောက်တာကို ကန့်သတ်ပါ၊ ဆေးလိပ်ရှောင်ပါနဲ့ ပုံမှန် ဆေးစစ်မှုတွေ ခံယူပါ။

ဒါပေမဲ့ ရောဂါလက္ခဏာတွေက သင့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အချိန်တန်ပါပြီ။

ကုသမှုက ဘယ်အရာက ပိတ်ဆို့နေစေလဲဆိုတာအပေါ် မူတည်ပါတယ်လို့ ဒေါက်တာ Siev က ပြောပါတယ်။ သင့်အတွက် အကူအညီအဖြစ်နိုင်ဆုံး ရွေးချယ်မှုကို ရွေးချယ်နိုင်ဖို့ ဆီးကျိတ်ရဲ့ အရွယ်အစား၊ ပုံသဏ္ဌာန်နဲ့ လုပ်ဆောင်ချက်တွေကို နားလည်ဖို့ စစ်ဆေးမှုတွေကို အသုံးပြုပါတယ်။

ကုသမှု ရွေးချယ်စရာတွေထဲမှာ အောက်ပါတို့ ပါဝင်နိုင်ပါတယ်။

🛑 အိပ်ရာမဝင်ခင် ရေသောက်တာကို ကန့်သတ်တာလိုမျိုး နေထိုင်မှုပုံစံ ပြောင်းလဲတာ

🛑 ဆီးသွားတာကို ပိုကောင်းစေဖို့ ဆီးကျိတ်ပတ်လည်က ကြွက်သားတွေကို ပြေလျော့စေတဲ့ ဆေးဝါးတွေ

🛑 Rezūm (ရေနွေးငွေ့နဲ့ ကုသခြင်း) သို့မဟုတ် UroLift (ဆီးလမ်းကြောင်းကို ပွင့်စေတဲ့ သေးငယ်တဲ့ အစားထိုးပစ္စည်းတွေ) လိုမျိုး ထိခိုက်မှုနည်းပါးတဲ့ လုပ်ထုံးလုပ်နည်းတွေ

🛑 ပိုမိုဆိုးရွားတဲ့ အခြေအနေတွေမှာ ပိုနေတဲ့ ဆီးကျိတ်တစ်သျှူးတွေကို ဖယ်ရှားဖို့ ခွဲစိတ်တာ

၄။ ဆီးကျိတ် အပြောင်းအလဲ အားလုံးက အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး

အသက် ၄၀ နောက်ပိုင်း ဆီးကျိတ် အပြောင်းအလဲ အများစုဟာ အန္တရာယ် မရှိပေမဲ့ သတိထားသင့်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဆီးကျိတ်ကင်ဆာပဲ ဖြစ်ပါတယ်။

ရောဂါရှာဖွေရာမှာ အများအားဖြင့် PSA (ဆီးကျိတ်ဆိုင်ရာ အန်တီဂျင်) သွေးစစ်တာနဲ့ တစ်ခါတလေမှာ ခန္ဓာကိုယ် စစ်ဆေးတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ လူတိုင်းက အချိန်တူညီစွာ ဒါမှမဟုတ် လုံးဝ စစ်ဆေးဖို့ မလိုအပ်ပါဘူး။

အသက် ၅၅ နှစ်ကနေ ၆၉ နှစ်ကြား အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်း သူတို့ရဲ့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်လို့ ဒေါက်တာ Siev က ပြောပါတယ်။ သင့်မှာ ဆီးကျိတ်ကင်ဆာ မျိုးရိုးရှိတာ ဒါမှမဟုတ် သင်ဟာ လူမည်းဖြစ်နေတာမျိုးလိုမျိုး ကျန်းမာရေး အန္တရာယ် ပိုများတယ်ဆိုရင် ပိုပြီး အရေးကြီးပါတယ်။ သင့်အတွက် ဘယ်အရာက သင့်တော်မလဲဆိုတာကို ဆုံးဖြတ်ဖို့ သင့်ဆရာဝန်က ကူညီပေးနိုင်ပါတယ်။

အပြောင်းအလဲ တစ်ခုခုရှိရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ

အသေးအဖွဲလို့ ထင်ရရင်တောင်မှ ဆီးသွားတဲ့ပုံစံ ပြောင်းလဲတာ၊ မသက်မသာ အသစ်ဖြစ်လာတာ ဒါမှမဟုတ် သာမန် ရောဂါလက္ခဏာတွေကိုတောင် လျစ်လျူမရှုပါနဲ့။

ဆရာဝန်ကို ပြောပြဖို့ အချိန်အကြာကြီး မစောင့်ပါနဲ့လို့ ဒေါက်တာ Siev က ပြောပါတယ်။ သင့်ကို စောစောစစ်ဆေးတဲ့အခါ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ ပိုများပါတယ်။ အဖြေတွေကို စောစောရတာက ပိုကောင်းပါတယ်။

Ref : Hartfordhospital