ဆေးလိပ်သောက်ခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးကို တဖြည်းဖြည်း ကိုက်ခဲဖျက်ဆီးနေတဲ့ အဆိပ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ သင် ဘယ်အရွယ်ပဲရောက်ရောက်၊ ဘယ်လောက်ကြာကြာ သောက်ခဲ့ဖူးပါစေ ဆေးလိပ်ဖြတ်ဖို့ ဘယ်တော့မှ နောက်ကျမသွားပါဘူး။
ဆေးလိပ်ပြတ်သွားတဲ့ မိနစ်ပိုင်းကစလို့ နှစ်အတန်ကြာတဲ့အထိ သင့်ခန္ဓာကိုယ်မှာ အံ့သြစရာကောင်းလောက်အောင် ပြန်လည်ကောင်းမွန်လာတဲ့ ပြောင်းလဲမှုတွေကို ခံစားရမှာ သေချာပါတယ်။
သင့်ဘဝကို အသက်ဆယ်နှစ်ခန့် ပိုမိုရှည်ကြာစေနိုင်တဲ့ ဆေးလိပ်ဖြတ်ခြင်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို အောက်မှာ လေ့လာကြည့်လိုက်ရအောင်ပါ။

အဓိက အချက်များ
၁။ အထွေထွေ ကျန်းမာရေးနဲ့ သက်တမ်း - ဆေးလိပ်ဖြတ်လိုက်တာနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျှော့ချပေးပြီး လူ့သက်တမ်းကို ၁၀ နှစ်အထိ ပိုရှည်စေနိုင်ပါတယ်။ ကိုယ်တိုင် ကျန်းမာရေး ကောင်းမွန်လာတဲ့အပြင် မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
၂။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ - ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ကနေ ၂ နှစ်အတွင်းမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ရုတ်တရက် ကျဆင်းသွားပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးပြီး နှလုံးရောဂါ ရှိပြီးသား လူတွေမှာတောင် ထပ်မံဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာ အကျိုးကျေးဇူးတွေ - နာတာရှည် အဆုတ်ပိတ်ဆို့ရောဂါ (COPD) ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းနဲ့ အဆုတ်ရောင်ရောဂါတွေကို သက်သာစေတဲ့အပြင် ပန်းနာရင်ကျပ် ဝေဒနာရှင်တွေမှာလည်း ကုသမှု ပိုမိုထိရောက်စေပါတယ်။
၄။ ကင်ဆာရောဂါ အန္တရာယ် - အဆုတ်၊ အစာအိမ်၊ လည်ချောင်း၊ အူမကြီး၊ သွေးကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါ အမျိုးအစား ၁၂ မျိုး ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၀ နှစ်အကြာမှာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေက တစ်ဝက်အထိ ကျဆင်းသွားပါတယ်။

၅။ မိခင်နဲ့ ကလေး ကျန်းမာရေး - ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ဖြတ်ခြင်းက မိခင်နဲ့ ကလေး နှစ်ဦးစလုံးရဲ့ ကျန်းမာရေးကို အကျိုးပြုပါတယ်။ ကလေး ပေါင်ချိန်လျော့နည်းခြင်းနဲ့ လမစေ့ဘဲ မွေးဖွားခြင်းတွေကို ကာကွယ်ပေးပါတယ်။
၆။ အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့ အကျိုးကျေးဇူးတွေ - ဆေးလိပ်ဖြတ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ နှလုံးခုန်နှုန်း ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ရက်အနည်းငယ်အတွင်းမှာ သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် (Carbon monoxide) ပမာဏ ပုံမှန်ဖြစ်သွားပြီး ၁၅ နှစ်အကြာမှာတော့ နှလုံးရောဂါဖြစ်နိုင်ခြေက ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ သူတစ်ယောက်ရဲ့ အနေအထားအထိ ကျဆင်းသွားပါတယ်။
Ref: cdc


