အချစ်ရေးတစ်ခု အဆုံးသတ်သွားတယ်ဆိုတာနဲ့ ကြီးမားတဲ့ ရန်ပွဲတွေ၊ သစ္စာဖောက်မှုတွေ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် ကြည့်မရတော့တာမျိုးတွေကိုပဲ လူတော်တော်များများက ပြေးမြင်တတ်ကြပါတယ်။
တကယ်တော့ ချစ်နေကြသေးရက်နဲ့တောင် ဆက်လက်လက်တွဲဖို့ မသင့်တော်တော့တဲ့ အခြေအနေတွေ အများကြီး ရှိနေတတ်ပါတယ်။
အချစ်တစ်ခုတည်းနဲ့ အရာအားလုံးကို ကျော်ဖြတ်လို့မရဘဲ ယုံကြည်မှု၊ ရိုးသားမှုနဲ့ အနာဂတ်ရည်မှန်းချက် တူညီမှုတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အချစ်ရေးကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလားဆိုတာ သိနိုင်ဖို့ ပညာရှင်တွေ ထောက်ပြထားတဲ့ လမ်းခွဲသင့်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ၁၅ ချက်ကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

၁။ အားကိုးလို့ မရတော့တာ - ဘယ်လောက်ပဲ ချစ်နေပါစေ ကိုယ့်ချစ်သူက ယုံကြည်အားကိုးလို့ မရတဲ့သူ ဖြစ်နေရင် ခိုင်မာတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ခက်ခဲပါတယ်။
၂။ တစ်ယောက်တည်း နေဖို့ လိုအပ်နေတာ - အထီးကျန်မှာ ကြောက်ရုံသက်သက်နဲ့ အချစ်ရေးတစ်ခုကို ဆက်ထိန်းထားတာထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ တစ်ယောက်တည်း နေသင့်တဲ့ အချိန်တွေ ရှိပါတယ်။
၃။ ကိုယ်ပိုင်ဖြစ်တည်မှု ပျောက်ဆုံးလာတာ - သူနဲ့အတူရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် မမှတ်မိတော့လောက်အောင် ပြောင်းလဲသွားပြီး ကိုယ်မကြိုက်တဲ့ လူတစ်ယောက် ဖြစ်လာရင် လမ်းခွဲဖို့ စဉ်းစားသင့်ပါတယ်။
၄။ နာကျင်မှုတွေကို မေ့ဖျောက်လို့ မရတာ - သစ္စာဖောက်တာ၊ လိမ်ညာတာမျိုးတွေကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာကို သူက တောင်းပန်ရင်တောင် ခွင့်မလွှတ်နိုင်တော့ရင် ကိုယ့်စိတ်ကျန်းမာရေးအတွက် ရှေ့ဆက်သင့်ပါတယ်။
၅။ ရန်ပွဲတွေက အဖြေမထွက်တာ - ပြဿနာတစ်ခုတည်းကိုပဲ ထပ်တလဲလဲ ရန်ဖြစ်နေရပြီး တစ်ဖက်လူကလည်း ပြုပြင်ပြောင်းလဲဖို့ ဆန္ဒမရှိရင် အဲဒီအချစ်ရေးက ရှေ့ဆက်ဖို့ ခက်ပါတယ်။

၆။ အမြဲတမ်း အခက်အခဲတွေနဲ့ပဲ ကြုံနေရတာ - စုံတွဲတိုင်းမှာ အခက်အခဲ ရှိတတ်ပေမယ့် အမြဲတမ်းလိုလို အဆင်မပြေဖြစ်နေတာက နှစ်ဦးသား သဟဇာတ မဖြစ်တော့တဲ့ လက္ခဏာပါပဲ။
၇။ အတိတ်က စိတ်ဒဏ်ရာတွေကို ကုစားဖို့ လိုနေတာ - အရင်အချစ်ရေးက စိတ်ဒဏ်ရာတွေနဲ့ အတိတ်က ပြဿနာတွေကို လက်ရှိချစ်သူအပေါ် ပုံချနေမိရင် ခဏရပ်နားပြီး ကိုယ့်ကိုယ်ကိုယ် အရင်ကုစားသင့်ပါတယ်။
၈။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာ - အတူနေလာတာ ကြာပြီဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ပျော်ရွှင်မှုထက် စိတ်ဆင်းရဲမှု ပိုပေးနေတဲ့ အချစ်ရေးကို ဆက်ထိန်းထားစရာ မလိုပါဘူး။
၉။ စိတ်ထဲမှာ အဆင်မပြေသလို ခံစားနေရတာ - ဘာအမှားမှ ကြီးကြီးမားမား မရှိပေမယ့် ကိုယ့်ရဲ့ ပင်ကိုအသိစိတ်က ဒီလူနဲ့ မသင့်တော်ဘူးလို့ ခံစားနေရရင် အဲဒါကလည်း လမ်းခွဲဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။

၁၀။ တစ်ဖက်တည်းကပဲ ကြိုးစားနေရတာ - ကောင်းမွန်တဲ့ အချစ်ရေးတစ်ခုအတွက် နှစ်ဦးစလုံး ကြိုးစားဖို့ လိုအပ်ပြီး တစ်ယောက်တည်းကပဲ ပေးဆပ်ကြိုးစားနေရရင် ရေရှည်မှာ မပျော်ရွှင်နိုင်ပါဘူး။
၁၁။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို ခံစားရစေတာ - ကိုယ့်ရဲ့ ဝါသနာနဲ့ ရည်မှန်းချက်တွေကို လှောင်ပြောင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးအောင် လုပ်တဲ့သူနဲ့ ဝေးဝေးနေသင့်ပါတယ်။
၁၂။ ပျော်ရွှင်စရာ အမှတ်တရတွေကို ပြန်တွေးရင်တောင် မပျော်တော့တာ - အရင်က အတူဖြတ်သန်းခဲ့တဲ့ ပျော်စရာအချိန်တွေကို ပြန်တွေးမိတိုင်း စိတ်ပျက်စရာ အတွေးတွေကပဲ ဖုံးလွှမ်းနေပြီဆိုရင် ကိုယ့်ခံစားချက်ကို ပြန်ဆန်းစစ်သင့်ပါတယ်။
၁၃။ အနာဂတ်မှာ သူ့ကို မမြင်တော့တာ - ရှေ့ဆက်မယ့် ကိုယ့်ရဲ့ အနာဂတ်အစီအစဉ်တွေမှာ ချစ်သူ ပါဝင်ဖို့ စိတ်မဝင်စားတော့ဘူးဆိုရင် လမ်းခွဲဖို့ အချိန်တန်နေပါပြီ။
၁၄။ လိင်ပိုင်းဆိုင်ရာ သဟဇာတ မဖြစ်တာ - လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်ချင်း မတူညီတာက ပြဿနာမဟုတ်ပေမယ့် နှစ်ဦးသား ညှိနှိုင်းကြိုးစားဖို့ ဆန္ဒမရှိတော့ရင်တော့ အချစ်ရေးကို ပြန်စဉ်းစားသင့်ပါတယ်။
၁၅။ တစ်ဦးတည်းနဲ့ လက်တွဲဖို့ ဆန္ဒမရှိတော့တာ - တစ်လင်တစ်မယားစနစ်အပေါ် ထားရှိတဲ့ ခံယူချက်ချင်း မတူညီတော့ဘဲ လိုချင်တဲ့ အချစ်ရေးပုံစံချင်း ကွဲလွဲသွားရင်လည်း လမ်းခွဲတာက အကောင်းဆုံး ဖြစ်ပါတယ်။
Ref : bustle


