ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဝေးထိန်းစက်ရုပ်နဲ့ ချဉ်းကပ်ကာ တင်ပါးကို ကိုင်တွယ်ပြီး မလျော်မကန် ပြုမူခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
တနင်္ဂနွေနေ့ညပိုင်းက Palmstrasse လမ်းရှိ အမြန်စာစားသောက်ဆိုင်နားမှာ သူငယ်ချင်းတွေနဲ့အတူ ရှိနေတဲ့ အဲဒီမိန်းကလေးထံကို အနီနဲ့ ရွှေရောင် ရောစပ်ထားတဲ့ အဝေးထိန်း စက်ရုပ်တစ်ရုပ် ရောက်ရှိလာပြီး နောက်ကျောဘက်ကနေ ချဉ်းကပ်ကာ တင်ပါးကို ကိုင်တွယ်ပြီး မသင့်လျော်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဝက်ဂ်ဘာ့ဂ်မြို့က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ အသက် ၁၉ နှစ်အရွယ် အဖော်ဖြစ်သူတို့ဟာ အဲဒီဖြစ်ရပ်ကို ဆိုရှယ်မီဒီယာမှာ ည ၁၁ နာရီ ၄၅ မိနစ်ကနေ သန်းခေါင်ယံအထိ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က လမ်းဆုံတစ်ခုမှာ အဲဒီလူငယ်တွေကို ဖမ်းဆီးခဲ့ပြီး ၃ ပေ ၁၁ လက်မ အမြင့်ရှိတဲ့ အဲဒီစက်ရုပ်ကို ကားနောက်ဖုံးထဲမှာ ဝှက်ထားတာကို တွေ့ရှိခဲ့ရပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေဟာ Iron Man ပုံစံတူ အဲဒီစက်ရုပ်ကို အဝေးထိန်းစနစ်နဲ့ တကယ် ထိန်းချုပ်ခဲ့ခြင်း ရှိမရှိ စစ်ဆေးနေပြီး သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းရမိထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု သံသယနဲ့ ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
Ref : Metro

