ပိုက်ဆံချမ်းသာသူတွေအတွက် ညစာကောင်းတစ်နပ်ကို မော်လ်ဒိုက်ဗ်ပင်လယ်ရေအောက် စားသောက်ဆိုင်တွေကနေ မိုးမျှော်တိုက်ကြီးတွေပေါ်ကဆိုင်တွေအထိ ကြိုက်ရာ ရွေးချယ်စားသုံးနိုင်ပါတယ်။ စားသောက်ဆိုင်တွေ ဈေးကြီးရတဲ့အကြောင်းရင်းတွေ အများကြီး ရှိမှာပါ။ အရသာထူးကဲမှုအပြင် ရှားပါးအဖိုးတန်တဲ့ ဟင်းအမယ်ရမှု ၊ ဝန်ဆောင်မှု ၊ နေရာထိုင်ခင်းနဲ့ ဆိုင်ရဲ့လက်ရာတွေကြောင့် မယုံနိုင်အောင် ဈေးကြီးကြတဲ့ ကမ္ဘာတလွှားစားသောက်ဆိုင်များအကြောင်း ပြောပြချင်ပါတယ်။

(၅) Maison Pic Valence

Photo: Financial Times

အစားအသောက်ကို အထက်တန်းကျကျ ဇိမ်ခံစားသောက်တတ်မှုနဲ့ နာမည်ကျော်တဲ့ ပြင်သစ်နိုင်ငံ ပါရီက Maison Pic Valence ဆိုင်ဟာ ကမ္ဘာပေါ်က ဈေးအကြီးဆုံး စားသောက်ဆိုင်ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မိသားစုစီးပွားရေးအဖြစ် အစားအသောက်နဲ့ နာမည်ကျော်တဲ့ ပစ်မိသားစုရဲ့ ဆိုင်ဖြစ်ပါတယ်။ လက်ရှိ Maison Pic Valence ကို ဦးစီးနေတာက အန်နီဆိုဖီပစ် ဖြစ်ပြီး သူမဟာ ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅၀ရဲ့ အကောင်းဆုံးအမျိုးသမီးစားဖိုမှူးအဖြစ် သတ်မှတ်ခံထားရပါတယ်။ Michelin ကြယ်ပွင့် ၃ ခုရ ကမ္ဘာပေါ်က ရှားရှားပါးပါး စားသောက်ဆိုင်ရဲ့ အမျိုးသမီးစားဖိုမှူးဦးစီးနေတဲ့ ဒီဆိုင်မှာ စားမယ်ဆိုရင် တစ်ဦးကို ၄၄၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

နှစ်သက်တမ်း ၁၃၀ ကျော် ကြာပြီ ဖြစ်တဲ့ ဒီဆိုင်မှာ ဟင်းပွဲငယ် ၊ စွပ် ၊ အသုတ် ၊ ငါး ၊ နှုတ်မြိန်စာ ၊ အဓိကဟင်းပွဲကြီး ၊ အချိုပွဲ ၊ အရံပွဲ နဲ့ အစာပိတ်စားစရာစတဲ့ ဟင်းမျိုး ၉ ပွဲနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဆိုင်ရဲ့နာမည်ကျော်ဟင်းလျာတွေအဖြစ် ညွှန်းကြတာကတော့ Mediterranean Rouget ငါးဟင်း ၊ ပြင်သစ် Banon ဆိတ်ချိစ်အချိုပွဲ ၊ နံကင်ကျပ်တိုက် နဲ့ ချောကလက်အချိုပွဲတွေပဲ ဖြစ်ပါတယ်။

(၄) Masa

Photo: cntraveler

နယူးယော့ခ်မှာ ရှိတဲ့ Masa စားသောက်ဆိုင်မှာ စားမယ်ဆိုရင် တစ်ယောက်ကို ၅၉၅ ဒေါ်လာနှုန်း ကျသင့်မယ်လို့ ဆိုပါတယ်။ ဒါတောင် အခွန်နဲ့ သောက်စရာတွေ ပါမှာ မဟုတ်ပါဘူး။ နာမည်ကျော် စားဖိုမှူး မက်ဆာ တာကာယားမားဦးစီးနေတဲ့ ဆိုင်ဖြစ်ပြီး ရိုးရှင်းမှုကြောင့် နာမည်ကျော်ပါတယ်။ အရသာထူးကဲပြီး ရိုးရှင်းလှတဲ့ ဆူရှီဟင်းလျာတွေက စားသုံးသူတွေကို လက်ယပ်ခေါ်နေတဲ့ အမယ်တွေ ဖြစ်ပါတယ်။ Masa က စားဖိုမှူးတွေဟာ ဒီနေ့ရတဲ့ ပါဝင်ပစ္စည်းတွေပဲ သုံးပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်တာကြောင့် Menu သီးသန့် မရှိကြဘူးလို့ ဆိုပါတယ်။ ဈေးကြီးလှတာကြောင့် Celebrities တွေနဲ့ ထိပ်တန်းအနုပညာရှင်တွေ အများဆုံး လာစားလေ့ရှိကြပါတယ်။

(၃) Ultraviolet

Photo: topluxury

Ultraviolet ဆိုတာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ရှိတဲ့ စားသောက်ဆိုင်နာမည်ဖြစ်ပြီး ထူးခြားမှုက လူဆယ်ယောက်အထိပဲ စားသောက်နိုင်မယ့် စားပွဲတစ်လုံးပဲ ရှိတာ ဖြစ်ပါတယ်။ ဒီဆိုင်မှာ စားမယ်ဆိုရင် ဒေါ်လာ ၅၇၀ ကနေ ဒေါ်လာ ၉၀၀ အထိ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါကလည်း အခွန်နဲ့ သောက်စရာတွေ ပါမှာ မဟုတ်ပါဘူး။ ဒေါ်လာ ၉၀၀ ဆို ဟင်းအမယ် ၁၀ မျိုးကနေ အမျိုး ၂၀ အကြား စားသုံးနိုင်မှာ ဖြစ်ပြီး ဟင်းတိုင်းကိုလည်း အဆန်းသစ်ဆုံးနည်းလမ်းတွေနဲ့ တည်ခင်းထားတာ ဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ နောက်ထပ် ထူးခြားမှုက စားသုံးသူရဲ့ စိတ်အာရုံတွေကို ဆွဲဆောင်နှိုးဆွဖို့ အမျိုးမျိုး ကြိုးစားထားတာပါပဲ။ ဥပမာ – တစ်ခုခု စားနေပြီဆိုရင် အဲ့ဒီအစားအသောက်နဲ့ လိုက်ဖက်တဲ့ နောက်ခံသီချင်း/အသံနဲ့ အမြင်အာရုံဆိုင်ရာအထူးပြုလုပ်ချက်တွေ တင်ဆက်ပေးတာမျိုး ဖြစ်ပါတယ်။ Ultraviolet ဆိုင် စားသောက်ခန်းကို ပေါလ်ပိုင်းရက်က ဦးစီးနေတာပါ။ ဆိုင်အနေအထားနဲ့ စာရင် ဧည့်သည်တစ်ယောက်ကို ဝန်ထမ်း ၃ ဦးအထိ ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ ဒီဆိုင်ကလည်း Michelin Star ၃ ပွင့်ရထားပါတယ်။

(၂) Per Se

Photo: forbestravelguide

ကမ္ဘာပေါ်က ဒုတိယဈေးအကြီးဆုံး စားသောက်ဆိုင်က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ရှိပါတယ်။ Per Se ဟာ ၂၀၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ဖြစ်ပြီး Michelin ကြယ် ၃ ပွင့်ရ စားသောက်ဆိုင်လည်း ဖြစ်ပါတယ်။ ဆိုင်ရဲ့ ထူးကဲလှတဲ့ တင်ဆက်မှုနဲ့ တမူဆန်းပြားလှတဲ့ အရသာတွေကြောင့် လူသိများ ကျော်ကြားပြီး သက်သတ်လွတ်သမားတွေအတွက် အပါအဝင် အရသာရှိတဲ့ မီနူးစ် ၃ မျိုး ရွေးချယ်နိုင်ပါတယ်။ ၉ ပွဲစာ ဟင်းလျာမီနူးမှာဆိုရင် ပြင်သစ်နဲ့ အမေရိကန်ဟင်းလျာတွေ အဓိက မှာယူစားသုံးနိုင်မှာ ဖြစ်ပြီး ညစာအတွက် လူကြိုက်အများဆုံး ဟင်းလျာပွဲတွေလည်း ဖြစ်ပါတယ်။ ဆိုင်ထဲမှာ စားပွဲ ၁၉ လုံး ရှိပြီး Columbus Circle နဲ့ Central Park မြင်ကွင်းတွေပါ ခံစားနိုင်မှာပါ။ ဝိုင်ပါ သောက်မယ်ဆို စုဆောင်းထားတဲ့ ဆုတံဆိပ်ရ ဝိုင်ပေါင်း ၂၀၀၀ ကျော်ထဲက ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးကို ဒေါ်လာ ၆၈၀ ကနေ ကျသင့်ပါတယ်။

(၁) Sublimotion

Photo: signs-seeds

တစ်ယောက်စာ ဒေါ်လာ ၂၃၈၀ အထိ ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး စားသောက်ဆိုင်ကတော့ စပိန်နိုင်ငံ အစ်ဘီဇာကျွန်းမှာ ရှိပါတယ်။ စပိန်အရှေ့ပိုင်းကမ်းရိုးတန်းက မြေထဲပင်လယ်ထဲမှာ ဒီကျွန်းမှာ ရှိတဲ့ Sublimotion ဆိုင်မှာ တစ်ဦး ဒေါ်လာ ၂၃၈၀ နဲ့ဆို ဟင်းလျာ အမျိုး ၂၀ ကို အရသာခံနိုင်မှာပါ။ ဒီဆိုင်ကလည်း တစ်နှစ်မှ လအနည်းငယ်လောက်ပဲ ဖွင့်ပြီး Michelin ကြယ်နှစ်ပွင့်ရ စားဖိုမှူး ပါကို ရွန်စီယိုရဲ့ လက်ရာကို စားချင်တယ်ဆိုရင် ဇွန် ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အတွင်း သွားဖို့ လိုပါတယ်။

ခေတ်မီ Virtaul Reality နည်းပညာတွေနဲ့ ဆန်းသစ်လှတဲ့ တင်ဆက်မှုတွေ သုံးပြီး သုံးနာရီကြာ စားသုံးမှုကို အထူးကဲဆုံးအရသာတွေ့အောင် ပံ့ပိုးပေးသွားမှာပါ။ ကိုယ်မှာထားတဲ့ ဟင်းလျာ ၂၀ အတွက်လည်း တစ်မယ်ချင်းကို စိတ်ရှည်လက်ရှည် ရှင်းလင်းတင်ဆက်သွားမယ့် ပရော်ဖက်ရှင်နယ် ၂၅ ဦးက သင့်ကို စောင့်ကြိုနေမှာ ဖြစ်ပါတယ်။ Sublimotion ဟာ ၂၀၁၄ ခုနှစ်မှာ အဆန်းသစ်ဆုံး အစားအသောက်နဲ့ အဖျော်ယမကာဆုရထားတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။

Featured Photo: signs-seeds