အားကစားတစ်ခုအဖြစ် ပြုလုပ်တဲ့သူတွေရော ကူးသန်းသွားလာရေးအတွက် ပစ္စည်းတစ်ခုအဖြစ် အသုံးပြုသူတွေအတွက်ရော စက်ဘီးစီးခြင်းက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေက အများအပြားပဲ ဖြစ်ပါတယ်။
တစ်ခါမှ စက်ဘီးမစီးသူများအနေနဲ့လည်း ဝါသနာသစ်တစ်ခုမွေးမြူချင်တယ်ဆိုရင်တော့ စက်ဘီးခြင်းအားကစားကို ဝါသနာသစ်တစ်ခုအဖြစ် မွေးမြူသင့်ပါတယ်။
စက်ဘီးစီးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးများကို ခံစားရရှိနိုင်မလဲဆိုတော့ …
စက်ဘီးစီးခြင်းသည် စိတ်ကျန်းမာရေးကို မြင့်တင်ပေးခြင်း
စက်ဘီးစီးခြင်းက သင့်ရဲ့စိတ်ကို ပျော်ရွှင်တက်ကြွစေတယ်ဆိုတာကို ယုံကြည်ပါသလား။ စက်ဘီးစီးတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ Adrenalin နဲ့ Endorphins ဓာတ်များ ထုတ်လုပ်ပေးပြီး စိတ်ဖိစီးမှုကင်းဝေးအောင် ကူညီပေးကာ စိတ်ကျန်းမာရေးကို မြင့်တင်ပေးပါတယ်။ လေ့လာချက်တစ်ခုအရ စက်ဘီးစီးပြီး ခန္ဓာကိုယ်လှုပ်ရှားမှုရှိတဲ့သူတွေသည် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိတဲ့သူတွေထက် ၃၂ ရာခိုင်နှုန်းခန့် ကျန်းမာရေးပိုမိုကောင်းမွန်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း
အသက် ၈၅ နှစ် အရွယ်ရှိ သက်ကြီးရွယ်အိုများနှင့် အခြားသောလူလတ်ပိုင်း အယောက် ၁၀၀၀ ခန့်အပေါ် ပြုလုပ်ထားတဲ့ လေ့လာချက်အရ စက်ဘီးစီးခြင်းသည် အသက်ရှုစနစ်ကို ကောင်းမွန်စေတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။
စက်ဘီးစီးခြင်းကြောင့် ပျင်းရိနေတဲ့ သွေးဖြူဥဆဲလ်များကို လှုပ်နှိုးလိုက်ပြီး ကိုယ်ခံစွမ်းအား မြင့်မားလာစေတဲ့အတွက်ကြောင့်သာမန်အအေးမိ ဖျားနာခြင်းတို့ကို အလွယ်လေးတိုက်ဖျက်နိုင်အောင် ကူညီပေးပါတယ်။
ကိုယ်အလေးချိန် လျော့ချပေးခြင်း
တစ်နာရီခန့် စက်ဘီးစီးခြင်းသည် ကယ်လိုရီ ၄၀၀ မှ ၁၀၀၀ ခန့်အထိ လောင်ကျွမ်းသွားအောင် ကူညီပေးတဲ့အတွက်ကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူများ၊ လျော့ချချင်သူများအတွက် အကောင်းဆုံး အားကစားတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်အောင် ကူညီပေးပြီး စွမ်းအင်များ ပြည့်ဝကာ လန်းဆန်းတက်ကြွနေအောင်လည်း ကူညီပေးပါတယ်။
ကြွက်သားများအား ကျစ်လျစ်သန်မာစေခြင်း
စက်ဘီးစီးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ကယ်လိုရီများ လောင်ကျွမ်းစေရုံသက်သက်မဟုတ်ဘဲ ပေါင်နှင့် ခြေသလုံးရှိ ကြွက်သားများကိုတင်းရင်းကျစ်လျစ်စေတာပဲ ဖြစ်ပါတယ်။ ပေါင်နှင့် ခြေသလုံးရှိ အဆီပိုများ ပျောက်ကွယ်သွားတဲ့နောက်မှာ ကြွက်သားများ တဖြည်းဖြည်း ကျစ်လျစ်လာတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။
နှလုံးရောဂါနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို တားဆီးပေးခြင်း
စက်ဘီးစီးခြင်းသည် နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးလှည့်ပတ်မှုများ ကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ လူပေါင်း ၂ သိန်း ၆ သောင်းခန့်ကို ၅ နှစ်ကြာ ပြုလုပ်ထားတဲ့ သုတေသနလေ့လာချက်အရ စက်ဘီးစီးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ရုံသာမကဘဲ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း ၅၀ ရာခိုင်နှုန်းခန့် လျော့ချပေးတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ စက်ဘီးစီးခြင်းသည် အဆုတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါသေးတယ်။
ဒီလိုမျိုးကောင်းကျိုးအများအပြားပေးစွမ်းတဲ့အတွက်ကြောင့် စက်ဘီးစီးခြင်းကို အားကစားတစ်ခုအဖြစ် လိုက်စားသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
Source: Cyclingweekly.com
Featured Image Source: Runtastic