အခုနောက်ပိုင်း Fitness လိုက်စားသူတွေကြားမှာ HIIT Workouts တွေ အရမ်းကိုရေပန်းစားလာတာ သတိထားမိကြမယ် ထင်ပါတယ်။ High-intensity interval training လို့ခေါ်တဲ့ HIIT Workouts တွေက နားလည်လွယ်အောင်ပြောရမယ်ဆိုရင် အချိန်တိုတိုလေးအတွင်းမှာ ပြင်းပြင်းထန်ထန် ကစားရတဲ့ ပုံစံမျိုးပါ။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားမှာလည်း စက္ကန့်ပိုင်းလောက်ပဲ နားရပါတယ်။

ဆိုတော့ ပြင်းထန်ပြီး ခန္ဓာကိုယ်အပေါ် ထိရောက်မှုအရှိဆုံး Training တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ HIIT Workouts တွေကို ဝိတ်ကျချင်သူတွေနဲ့ ကြွက်သားကျစ်လစ် သန်မာချင်သူတွေအများဆုံး ကစားတာတွေ့ရပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၁) ကယ်လိုရီ လောင်ကျွမ်းမှု များတယ်

HIIT Workouts

Photo : The Manual

HIIT လေ့ကျင့်ခန်းတွေဟာ အချိန်တိုတိုနဲ့ အပြင်းထန် ကစားရတဲ့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေ အများကြီးလောင်ကျွမ်းစေပါတယ်။ ပျှမ်းမျှအားဖြင့် HIIT Workouts တွေကို အချိန်  ၄၅ မိနစ်ကနေ ၁ နာရီအတွင်း ကစားပေးရုံနဲ့ ကယ်လိုရီ ၅၀၀ ကနေ ၉၀၀ အထိ လောင် ကျွမ်းစေနိုင်မှာဖြစ်သလို လေ့ကျင့်ခန်းလုပ်ပြီး ၂၄ နာရီအတွင်း ကယ်လိုရီတွေ ဆက်လက်လောင်ကျွမ်းနေစေမှာလည်း ဖြစ်ပါတယ်။

(၂) ကြွက်သားကျစ်လစ်သန်မာစေတယ်

HIIT Workouts
Photo : Muscle & Fitness

HIIT လေ့ကျင့်ခန်းတွေက အဆီကျရုံတင်မကပဲ ကြွက်သားများ ကျစ်လစ်သန်မာစေဖို့ကိုလည်း အထောက်အကူပြုပါတယ်။ HIIT လေ့ကျင့်ခန်းအများစုမှာ မတူညီတဲ့လှုပ်ရှားမှုပုံစံတွေ များစွာပါဝင်တဲ့အတွက် ဘော်ဒီတစ်ခုလုံးက ကြွက်သားအုပ်စုတွေကို သက်ရောက်မှုရှိစေပြီး ကြွက်သားများ ပိုမိုကြီးထွားသန်မာလာစေမှာ ဖြစ်ပါတယ်။ HIIT လေ့ကျင့်ခန်းတွေ ပုံမှန်ကစားမယ်ဆိုရင် ခံနိုင်ရည်အားပိုမိုကောင်းမွန်ကာ ကြံ့ခိုင်သန်မာမှုတိုးစေမှာပဲ ဖြစ်ပါတယ်။

(၃) နှလုံးကျန်းမာရေးကောင်းစေတယ်

HIIT Workouts
Photo : Men’s Journal

HIIT Workouts တွေဟာ ကျန်းမာရေးအတွက် သိပ်ကိုအကျိုးများတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ တခြားသော လေ့ကျင့်ခန်းတွေမပါပဲ HIIT လေ့ကျင့်ခန်းတွေကိုပဲ မိနစ် ၂၀ သုံးကျော့ ပြုလုပ်ပေးရုံနဲ့ နှလုံးသွေးကြောဆိုင်ရာစနစ်ကို တိုးတက်ကောင်းမွန်စေပြီး သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတို့ကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

(၄) အစာစားချင်စိတ်ကို ထိန်းညှိပေးတယ်

HIIT Workouts
Photo : Man of Many

HIIT လေ့ကျင့်ခန်းတွေ ကစားခြင်းက အစာစားချင်တဲ့စိတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ကပြင်းထန်တဲ့ လှုပ်ရှားမှုတွေလုပ်တဲ့အခါ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ghrelin ဟော်မုန်းပမာဏကိုလည်း ကျဆင်းစေတာကြောင့် အစာစားချင်စိတ်နဲ့ အလွန်အကျွံစားမိခြင်းတွေကို လျော့ကျစေမှာပဲ ဖြစ်ပါတယ်။ HIIT လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

Featured Photo : Men’s Journal