လေ့လာမှုတွေအရ ကြိုးခုန်ခြင်းဟာ တခြားသော cardio လေ့ကျင့်ခန်းထက် ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုအများဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အခုလို Stay Home ကာလအတွင်းမှာ Gym သွားစရာမလိုပဲ အိမ်မှာတင်လူတိုင်းလွယ်လွယ် ကူကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကြိုးခုန်လေ့ကျင်ခန်းပြုလုပ်ပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်အလေးချိန်လျော့ကျစေတယ်
Source Shutterstock
ကြိုးခုန်လေ့ကျင့်ခန်းဟာ စက်ဘီးစီးခြင်း ပြေးခြင်း တို့ထက်ပင်ပိုပြီး ကယ်လိုများများလောင်ကျွမ်းစေပါတယ်။ (၁၅) မိနစ်ခန့်ကြိုးခုန်ရုံဖြင့် ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ ကြားလောင်ကျွမ်းစေတယ်လို့ လေ့လာသူတွေကပြောထားပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက် ကြိုးခုန်လေ့ကျင့်ခန်းက အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
(၂) နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်
Source Shutterstock
အမေရိကန် အားကစားနှင့် ဆေးပညာဆိုင်ရာကောလိပ်ရဲ့ အဆိုအရ ကြိုးခုန်လေ့ကျင့်ခန်းဟာ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းဖြစ်ကြောင်း ထောက်ခံချက်ပေးထားပါတယ်။ တစ်ရက်ကို ၁၅ မိနစ် မှာ မိနစ် ၂၀ အထိ တစ်ပတ်လျင် ၄ ကြိမ် ကြိုးခုန်ပေးရုံနှင့် နှလုံးကျန်းမာရေးကိုကောင်းမွန်လာစေမှာဖြစ်ပြီး နှလုံးရောဂါကိုဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးတယ်လို့ ဆိုပါတယ်။
(၃) အရိုးတွေကိုသန်မာစေတယ်
Source Shutterstock
သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုများအရ ကြိုးခုန်လေ့ကျင့်ခန်းဟာ အရိုးသိပ်သည်းဆကို တိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်အရိုးများကိုသန်မာလာစေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အရိုးများကျန်းမာကြံ့ခိုင်စေဖို့ တစ်နေ့ကို (၁၀) မိနစ်လောက်အနည်းဆုံး ကြိုးခုန်ပေးဖို့ ထောက်ခံချက်ပေးထားပါတယ်။ သို့သော် အရိုးကျိုးခြင်းကဲ့သို့ အရိုးနဲ့ဆိုင်တဲ့ ထိခိုက်ဒဏ်ရာများရှိထားသူတွေအနေနဲ့ ကြိုးခုန်လေ့ကျင့်ခန်းကို မပြုလုပ်သင့်ပါဘူး။
(၄) မှတ်ဉာဏ်စွမ်းရည်တိုးစေတယ်
Source Shutterstock
ကြိုးခုန်လေ့ကျင့်ခန်းဟာ ပျော်စရာကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကြိုးခုန်လေ့ကျင့်ခန်းဟာ သင့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကိုလျော့ချပေးပြီး ပျော်ရွှင်မှုဟော်မုန်းဓာတ်တွေကိုတိုးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ပေးတာကြောင့် မှတ်ဉာဏ်စွမ်းရည်ကိုလည်း သိသိသာသာတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။