တစ်နေ့တာ သောက်စရာတွေထဲမှာ ကော်ဖီဟာ ရေလောက်နီးနီး အရေးကြီးတဲ့ သောက်စရာ ဖြစ်လာပါတယ်။ တချို့က ကော်ဖီကို မနက်စာမှာ မပါမဖြစ် ထည့်သွင်း သောက်သုံးတတ်ကြပြိး တချို့ကတော့ တစ်နေ့လုံး ၄ ခွက် ၅ ခွက် ဆိုသလို သောက်တတ်ကြပါတယ်။ ကော်ဖီချစ်သူတွေဟာ ကော်ဖီကို ခရမ် ၊ နို့ဆီ ၊ သကြား စသည်ဖြင့် သောက်ကြလေ့ရှိသလို တချို့ကလည်း ကော်ဖီအရသာရိုးရိုးနဲ့ စွဲကြတဲ့ Black Coffee သမားတွေပါ။

ဓါတ်စာဆရာတွေ Dietitians တွေကတော့ ကော်ဖီတွေထဲမှာ Black Coffee ကို ကျန်းမာရေးနဲ့ သင့်တယ်ဆိုပြီး ညွှန်းတတ်ကြပါတယ်။ Sound Bites Nutrition ရဲ့ ပိုင်ရှင် ဆေးသမားတော် လီဆာ အန်ဒရူးစ်ကတော့ အခုလို ပြောပါတယ်။ “သင့်မနက်ခင်းတိုင်းကို နိုးထစေဖို့ ကူညီပေးတဲ့အပြင် Black Coffee မှာ ကျန်းမာရေးကောင်းကျိုးတွေ အများကြီး ပါဝင်နေပါတယ်။ ဒီထဲမှာ အမျိုးအစား ၂ ဆီးချိုသွေးချို Type 2 Diabetes ၊ ကင်ဆာ ၊ အသည်းရောဂါ နဲ့ နှလုံး ရောဂါလို ရောဂါဆိုးကြီးတွေ ဖြစ်ပွားနိုင်ခြေပါ လျှော့ချပေးနိုင်ပါတယ်။” တဲ့။ ဒီတစ်ခေါက်တော့ Black Coffee သောက်ခြင်းကနေ ပေးနိုင်တဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေး အကျိုး ကျေးဇူးတချို့အကြောင်း မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းတယ်

Photo : Pexels

အစာချေစနစ် ပြဿနာ ရှိသူတွေအတွက် Black Coffee ဟာ အထောက်အကူဖြစ်နိုင်ပါတယ်။ ကော်ဖီဟာ ကျန်းမာတဲ့ အူလမ်းကြောင်း အနုဇီဝပိုးလေးတွေ ဖန်တီးပေးခြင်းအားဖြင့် အူကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းထားပေးနိုင်တယ်လို့ အန်ဒရူးစ်က ဆိုပါတယ်။ Black Coffee မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတချို့ဟာ အစာအိမ်အက်ဆစ် ထွက်မှုကို လှုံ့ဆော်ပေးပြီး အစာအိမ်လမ်းကြောင်း လှုပ်ရှားမှုကို ပုံမှန်ဖြစ်နေအောင် ထိန်းညှိပေးနိုင်ပါတယ်။

(၂) ရောဂါတချို့ကို ကြိုတင် ကာကွယ်နိုင်တယ်

Coffee

Photo : Pexels

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Black Coffee ဟာ အမျိုးအစား ၂ ဆီးချိုသွေးချို Type 2 Diabetes ၊ ကင်ဆာ ၊ အသည်းရောဂါ နဲ့ နှလုံး ရောဂါလို ရောဂါဆိုးကြီးတွေ ဖြစ်ပွားနိုင်ခြေပါ လျှော့ချပေးနိုင်ပါတယ်။ “ကော်ဖီမှာ Phenolic ဒြပ်ပေါင်း (Cafestol နဲ့ Kahweol) ၊ Alkaloids (ကဖိန်းနဲ့ Trigonelline) ၊ Diterpenes နဲ့ တခြား Metabolites တွေ လိုမျိုး ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဇီဝတက်ကြွအရာဝတ္ထုတွေ အများအပြား ပါဝင်နေပါတယ်။ ” လို့ အန်ဒရူးစ်က ပြောပါတယ်။

Framingham Heart Study ကို လေ့လာစိပ်ဖြာမှု လုပ်ခဲ့တဲ့ AHD Journal Circulation : Heart Failure ရဲ့ လေ့လာမှုတစ်ခုမှာ နှလုံးအင်အား နည်းလာခြင်းကို တစ်ရက် ကော်ဖီတစ်ခွက်သောက်သူတွေက ကော်ဖီ မသောက်သူတွေထက် ၅% ကနေ ၁၂% အကြား ပိုပြီး အဖြစ်နည်းကြတယ်လို့ ဖော်ပြထားပါတယ်။ နှလုံးအားနည်းတတ်ရင် Black Coffee လေးတစ်ခွက်တော့ နေ့တိုင်း သောက်ပေးဖို့ လိုမှာပါ။

(၃) စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်တယ်

Cup Of Coffee

Photo : Pexels

Black Coffee ဟာ သိမှတ်မှုဆိုင်ရာ အားနည်းလာသူတွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက် အထောက်အကူဖြစ်တဲ့ သောက်စရာလို့ ဆိုပါတယ်။ နေ့စဉ် ပုံမှန် ကော်ဖီသောက်သုံးမှုကို သုတေသနပြု လေ့လာတဲ့ Molecular Psychology ရဲ့ သုတေသနစာတမ်းတစ်ရပ်အရ ပုံမှန် ကော်ဖီသောက်သုံးမှုဟာ အာရုံစူးစိုက်မှုကို ပို မြှင့်တင်နိုင်ပြီး ဦးနှောက်အတွင်းက အပြောင်းအလဲတွေ ဖန်တီးခြင်းအားဖြင့် နိုးကြားမှုနဲ့ Motor Control ပိုင်းကို ပိုကောင်းစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အန်ဒရူးစ်ရဲ့ အဆိုအရ Black Coffee သောက်ခြင်းကြောင့် ဖြစ်လာတဲ့ အာရုံကြောဆိုင်ရာ ကောင်းကျိုးတွေထဲမှာ မေ့တတ်တဲ့ ဝေဒနာတွေနဲ့ စိတ်ဓါတ်ကျခြင်း ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းတွေကို လျှော့ချနိုင်ခြေ ရှိတယ်လို့ပါ ပြောပါတယ်။ ကော်ဖီဟာ စိတ်ဓါတ်ကျခြင်းအတွက် ဆေးတစ်ခွက်ရယ်လို့ မဟုတ်ပေမယ့် ကော်ဖီသောက်သုံးခြင်းအားဖြင့် စိတ်ကျန်းမာရေးထိန်းညှိမှုမှာ ပိုလို့ ဟန်ချက် မျှလာနိုင်ပါတယ်။

(၄) အားကစား Workout တွေ ပိုလုပ်နိုင်စေတယ်

Black Coffee

Photo : Pexels

Workout မကစားခင် တစ်နာရီလောက် ကြိုပြီး ကော်ဖီသောက်တာဟာ ကိုယ်လက်လှုပ်ရှားမှုကို ပိုပြီး အားမာန်အပြည့်နဲ့ လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ Blogilates ရဲ့ ဓါတ်စာပညာရှင် Breanna Woods ကတော့ Black Coffeeကို Pre-Workout Beverage အဖြစ် ညွှန်းထားပါတယ်။ The International Society Of Sports Nutrition (ISSN) မှာ ဖော်ပြထားတဲ့ သုတေသနအရ ကဖိန်းဟာ အားကစားလှုပ်ရှားမှု စွမ်းရည်ကို ပိုမြှင့်တင်နိုင်လို့ အားကစားသမားတွေရော အားကစားသမား မဟုတ်တဲ့ Non- Athletes တွေပါ သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။

(၅) အာရုံစိုက်မှု ပိုကောင်းစေတယ်

coffee cup

Photo : Pexels

ဦးနှောက်ထဲ ဘာမှ စုစည်းမရဘူး ဝေဝါးနေတယ် ဆိုရင် ကော်ဖီတစ်ခွက်သာ ထ,သောက်လိုက်ပါလို့ ပြောချင်ပါတယ်။ Black Coffeeဟာ စိတ်ရဲ့ Focus ကို ပိုပြီး မြှင့်တင်နိုင်စွမ်း ရှိပါတယ်။ Nutri Savvy Health ရဲ့ ပိုင်ရှင်နဲ့ Healthy Cooking For One စာအုပ်ရေးသူ Lauren O’Connor ကတော့ မနက်ပိုင်း ကော်ဖီတစ်ခွက် သောက်တာဟာ အာရုံစူးစိုက်မှုကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။

Nutrients မှာ ဖော်ပြတဲ့ O’Connor ရဲ့ လေ့လာမှုတစ်ခုအရ Black Coffeeမှာ ပါတဲ့ Phenolic နဲ့ Chlorogenic Acids တို့လို ဒြပ်ပေါင်းတွေ အပါအဝင် ဒြပ်ပေါင်း ၁၀၀၀ ကျော်ဟာ အာရုံစူးစိုက်မှုအပေါ် သက်ရောက်မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။

Featured Photo : Pexels