Boulevardier ကော့လ်တေး ဟာ တော်တော်လေး ထူးခြားပါတယ်။ ပတ္တမြားလို လှပတဲ့ အရောင်အသွေးနဲ့ ချောမွေ့ပြေပြစ်မှု ၊ စပ်ပြင်းပြင်းခါးသပ်သပ် အရသာနဲ့ သောက်လိုက်ချိန်မှာ နွေးကနဲ ဖြစ်သွားစေတဲ့ ကော့လ်တေးတစ်ခွက်ပါ။ ဘော်ဘွန်းဝီစကီ Whiskey ရဲ့ ချိုမြိန်မှုဟာ ကော့လ်တေးရဲ့ အရသာကို လုံးဝဟန်ချက်ညီ သွားစေပါတယ်။

Photo : A Couple Cooks

Classic ကော့လ်တေးတစ်ခွက်ဖြစ်တဲ့ Boulevardier ကော့လ်တေးကို ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ စတင်တီထွင်ခဲ့ပါတယ်။ လူသိများတဲ့ Negroni ကော့လ်တေးကို ပုံစံအနည်းငယ်ပြောင်းလဲဖျော်စပ်ထားတဲ့ ကော့လ်တေးစတိုင်တစ်မျိုးဖြစ်ပြီး Negroni မှာပါတဲ့ Gin အစား ဘော်ဘွန်းဝီစကီ Whiskey ကို ထည့်ဖျော်ထားပါတယ်။ Boulevardier ကော့လ်တေးကို အဓိက ဘော်ဘွန်းဝီစကီ Whiskey ၊ Sweet Vermouth နဲ့ Campari စတဲ့ Ingredients ၃ မျိုးနဲ့သာ ဖျော်စပ်ထားတာ ဖြစ်ပါတယ်။ ကွီးတို့အိမ်မှာ ကိုယ်တိုင်အလွယ်တကူ ဖျော်စပ်သောက်နိုင်လောက်တဲ့အထိ ဖျော်စပ်နည်းကလည်း အရမ်းကို ရိုးရှင်းပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေးဖျော်ခွက်ထဲမှာ ဘော်ဘွန်းဝီစကီ Whiskey စားပွဲတင်ဇွန်း ၃ ဇွန်း ၊ Sweet Vermouth စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ Campari စားပွဲတင်ဇွန်း ၂ ဇွန်း တို့ကို ရောထည့်လိုက်ပါ။ ကော့လ်တေးဖျော်ခွက် အလွယ်တကူမရှိပါက နှစ်သက်ရာဖန်ခွက်ကို အသုံးပြုနိုင်ပါတယ်။ ပြီးတဲ့အခါ အဖျော်ယမကာတွေ ရောထည့်ထားတဲ့ ဖန်ခွက်ကို ရေခဲ ၁ လက်တဆုပ်စာဖြည့်ပြီး စက္ကန့် ၃၀ ကြာ အေးလာတဲ့အထိ ဆက်တိုက်မွှေပေးပါ။ ကော့လ်တေးထည့်ဖို့ Lowball ဖန်ခွက်ထဲကို ရေခဲအနည်းငယ်ဖြည့်ထားပြီး အအေးခံထားတဲ့ ကော့လ်တေးဖျော်ရည်ကို လောင်းထည့်လိုက်ပါ။ နောက်ဆုံး အဆင့်အနေနဲ့ လိမ္မော်ခွံကို အရည်ညှစ်ပြီး ဖန်ခွက်ရဲ့နှုတ်ခမ်းဝမှာ ခပ်ပါးပါး သုတ်လိမ်းပေးလိုက်ပါ။ ကော့လ်တေးဖန်ခွက်ထဲ လိမ္မော်ခွံပါရောထည့်ပြီး အရသာရှိတဲ့ ပတ္တမြားရောင် Boulevardier ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးလို့ရပါပြီ။

Featured Photo : Campaign