French 75 ကော့လ်တေး ဟာ လူကြိုက်များ ရေပန်းစားတဲ့ ဂန္တဝင်ကော့တေးတစ်မျိုးပါ။ ကော့လ်တေးရဲ့နာမည်အရ လျှို့ဝှက်ဆန်းကြယ်ပေမယ့် ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းအမယ်တွေနဲ့သာ ဖျော်စပ်ထားတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ အချိန်အခါမရွေးသောက်လို့ အဆင်ပြေပြီးနေ့လည်စာစားချိန်ကနေ သူငယ်ချင်းတွေနဲ့ ညနေခင်း ဒင်နာပါတီပွဲတွေအထိ မည်သည့်အချိန်အတွက်မဆို အကောင်းဆုံးကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

French 75 ကော့လ်တေးကို ဂျင် ၊ သံပုရာရည် ၊ Simple Syrup နဲ့ ရှန်ပိန်တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ မှတ်တမ်းတွေအရတော့ French 75 ကော့လ်တေးကို ၁၉၁၅ ခုနှစ်မှာ ပါရီမြို့ရှိ Harry’s New York Bar မှာ စတင်တီထွင်ခဲ့ပြီး Bloody Mary ၊ Sidecar ၊ Between the Sheets တို့လို အခြားနာမည်ကြီး ကော့လ်တေးတွေနဲ့အပြိုင် လူကြိုက်များရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် ၇၅ မမ အမြောက်ဆန်တစ်လုံး ပွင့်ထွက်ပေါက်ကွဲသလို စွမ်းအားပြင်းတဲ့ အရသာကို ခံစားရစေတဲ့အတွက် French 75 လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo : A Couple Cooks

ကော့လ်တေးဖျော်စပ်နည်းကတော့ အရင်ဆုံး ရှန်ပိန်ဖန်ခွက်ထဲကို ရှန်ပိန် ၄ အောင်စခန့် ထည့်ထားပါ။ ပြီးတဲ့နောက် ဂျင် ၁ အောင်စခွဲ ၊ သံပုရာရည် အောင်စဝက်နဲ့ Simple Syrup အောင်စဝက်တို့ကို ရေခဲအနည်းငယ်နဲ့ ကော့လ်တေး Shaker ထဲရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးပါ။ ရလာတဲ့ ဖျော်ရည်ကို ရှန်ပိန်ဖန်ခွက်ထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပေးပါ။ နောက်ဆုံးအနေနဲ့ သံပုယိုခွံလေး ပေါင်းထည့်အလှဆင်ပြီး အရသာရှိတဲ့ French 75 ကော့လ်တေး တစ်ခွက် သုံးဆောင်လို့ရပါပြီ။

Featured Photo : Tasting Table