Comfort Zone ဆိုတာကို တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ် ဖွင့်ဆုံပုံခြင်း မတူညီကြပါဘူး။ အချို့ကတော့ ဘဝအတွက် အသည်းအသန် ကြိုးစားရုန်းကန်နေရချိန်မှာ အချို့ကတော့ သူတို့ရဲ့ ရည်မှန်းချက်များကို ဂရုမစိုက်ကြတော့ဘဲ မိမိစိတ်ကိုသာ အလိုလိုက်နေတတ်ကြပါတယ်။ Comfort Zone ထဲမှာ အချိန်ကြာ ကြီး နေရတာ လူသက်သာတယ်လို့ ခံစားရနိုင်ပေမယ့် အောင်မြင်မှုကိုတော့ ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။

Comfort Zone ထဲကနေ ရုန်းထွက်မှသာလျှင် ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်များ ပြည့်မြောက်ပြီး အောင်မြင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဘဝကြီးက တိုတောင်းလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝကြီးကို ပျင်းရိပျင်းတွဲနဲ့ အစားဆင်းရဲ၊ အနေဆင်းရဲစွာနဲ့ပဲ ဖြတ်သန်းတော့မှာလား။

ကြိုးစားရတဲ့ ပင်ပန်းလာတဲ့အခါ မခံစားနိုင်တဲ့အဆုံး Comfort Zone ထဲ ခဏတဖြုတ် နားနေနိုင်ပေမယ့် အချိန်ကြာ ကြီး အနားယူနေမိမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဘဝကြီးသည် တဖြည်းဖြည်း ဆုတ်ယုတ်လာမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် ကွီးတို့သည် Comfort Zone ထဲမှာ အချိန်ကြာ နေပြီဖြစ်ကြောင်းကို ဘယ်လိုသတိထားမိနေမလဲ။

စိတ်ထဲမှာ မပျော်မရွှင် ခံစားနေရပြီး ဘာ့ကြောင့် မပျော်ရွှင်ရသလဲဆိုတာကို ဝေခွဲမရဖြစ်နေခြင်း

man and progress

သင့်အနားမှာ အရာအားလုံးသည် အံ့ဝင်ခွင့်ကျဖြစ်နေပြီး သင်သည်လည်း ကိုယ်လုပ်စရာရှိတာများကို ဝတ္တရားအရ ကျေပွန်စွာ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သင်သည် အံ့ဝင်ခွင်ကျဖြစ်နေတဲ့အရာတွေနဲ့ မပျော်မရွှင်ဖြစ်နေပြီး ဒီ့ထက်ပိုကောင်းတဲ့အရာတွေကို လိုချင်နေတာဖြစ်ပါတယ်။ အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် သင်သည် မပျော်ရွှင်နိုင်ဖြစ်နေတာပါ။ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်က အသစ်သောအရာများ၊ အတွေ့အကြုံများ၊ စိန်ခေါ်မှုအသစ်များကို လိုလားတောင့်တနေတာပဲဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် သံသယဝင်နေခြင်း

man and progress

သင်သည် ဘယ်လောက်တော်ကြောင်း ထက်မြက်ကြောင်းကို မေ့နေပြီး ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနှင့် အရည်အချင်းများကို သံသယဝင်နေတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ငါ လုပ်နိုင်မှာ မဟုတ်ပါဘူးလေဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ရှုထောင့်ကနေ ပြောင်းမြင်ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ အသစ်အဆန်းများကို စမ်းသပ်လုပ်ဆောင်ရမှာကို ကြောက်ရွံ့လာပြီး သာမန်ပြုလုပ်နေကြ ပုံသေဖြစ်နေပြီးသားအရာများကိုသာ ကြိမ်ဖန်များစွာ ပြုလုပ်လာပါတော့တယ်။

တိုးတက်မှုမရှိဘဲ တစ်နေရာတည်းမှာပဲ ရပ်တန့်နေသလို ခံစားရခြင်း

man and progress

ကွီးတို့ရဲ့ တိုးတက်မှုပြမျဥ်းက လှေကားထစ်လိုမျိုး တစ်ဆင့်ချင်းစီ ထောင့်တက်တဲ့ပုံစံမျိုး (သို့) အပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ထိုးတက်နေတဲ့ မျဥ်းကြောင်းမျိုး မဟုတ်တော့ဘဲ ရေပြင်ညီမျဥ်းလို တစ်သမတ်တည်းဖြစ်နေပြီဆိုရင်တော့ စိတ်ပူစရာရှိလာပါပြီ။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်မဆန်းစစ်ဘဲ Comfort Zone ထဲမှာပဲ ပျင်းရိနေကာ တုံရင်းအတိုင်း ဘဝကို ဖြတ်သန်းနေမယ်ဆိုရင်တော့ အချိန်ကြာ လာတဲ့အခါ စိတ်ကျရောဂါနဲ့ ခံစားရနိုင်ချေများပါတယ်။ ဘဝကြီးက ပျင်းရိဖွယ်ကောင်းလာပြီး တဖြည်းဖြည်း ပျင်းရိလာရာကနေ လူဖျင်းလူညံ့တစ်ယောက်ဘဝသို့ ရောက်မှန်းမသိ ရောက်သွားမှာပဲဖြစ်ပါတယ်။

ဘယ်အချိန်တုန်းက ကြိုးစားခဲ့သလဲဆိုတာကို မမှတ်မိတော့ခြင်း

Comfort Zone အချိန်ကြာ

သင် နောက်ဆုံးအကြိမ်အဖြစ် အသည်းအသန် ကြိုးစားခဲ့တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲ။ ပုံသေဆန်တဲ့ လုပ်ငန်းကိစ္စများကိုပဲ နေ့စဥ်လုပ်ကိုင်နေခဲ့ရတဲ့အတွက်ကြောင့် စိန်ခေါ်မှု တစ်ရပ်ကို ဘယ်အချိန်ကို နောက်ဆုံး ပြုလုပ်ကာ အနိုင်ယူခဲ့သလဲဆိုတာကိုတောင် မသိတော့ဘူးဖြစ်လာပါတယ်။ တကယ်တော့ သင်သည် စိန်ခေါ်မှုတွေကို ကြောက်ရွံ့လို့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာများထဲမှာပဲ အသားကျနေပြီး စိန်ခေါ်မှုအသစ်များကို လုပ်ဆောင်ဖို့ မေ့လျာ့သွားခြင်းပဲဖြစ်ပါတယ်။

သူစိမ်းများနှင့် စကားစမြည်ပြောရမှာကို လက်တွန့်ခြင်း

Comfort Zone အချိန်ကြာ

မကြာသေးခင်ကမှ ရင်းနှီးကျွမ်းဝင်ထားတဲ့ လူသစ်များနှင့် စကားစမြည်ပြောဆိုရမှာကို ကြောက်ရွံ့နေပါသလား။ ကလေးဘဝကနေ မိမိဘဝကို တာဝန်ယူနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါ သူစိမ်းသူရံများနှင့် စကားပြောရမှာကို ကြောက်ရွံ့ခြင်း၊ လူတောမတိုးဝံ့သလို ပြုလုပ်နေခြင်းသည် သင့်ဘဝအတွက် ဆုတ်ယုတ်မှုများကိုသာ ဖြစ်ပေါ်စေပါတယ်။ အလုပ်နဲ့ ပတ်သက်လာတဲ့အခါ အဆက်အသွယ်ကောင်းများ ရရှိချင်ရင်ပဲဖြစ်ဖြစ်၊ တိုးတက်မှုတစ်ခုခု ရရှိချင်ရင်ပဲဖြစ်ဖြစ် လူကြောက်သလိုလို၊ လူတောမတိုးသလို လုပ်နေလို့မရပါဘူး။ မိမိဘာသာ လူတောမတိုးပြီး အပျင်းတစ်ခဲ့ပြီးမှ မိမိဘဝ ဆုတ်ယုတ်လာရခြင်းက ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး လက်ညှိုးထိုး အပြစ်ဖို့နေလို့လည်း မရပါဘူး။ သင့်ဘဝ ဆုတ်ယုတ်နေရခြင်းသည် သင့်ရဲ့ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။ ဂရုစိုက်မခံရလို့၊ ဥပေက္ခာပြုခံရလို့၊ ငွေကြေးထောက်ပံ့ပေးမယ့်သူ မရှိလို့ဆိုပြီး အကြောင်းပြချက်မျိုးစုံ ပေးနေခြင်းသည်လည်း လူညံ့လူဖျင်းတွေရဲ့ လုပ်ရပ်သာဖြစ်ပါတယ်။

သင့်ကို တစ်စုံတစ်ယောက်က အသစ်အဆန်းတစ်ခုခု လုပ်ခိုင်းပါက မလုပ်နိုင်ဘူးဟု ငြင်းဆန်နေခြင်း

Comfort Zone အချိန်ကြာ

Photo: Goodmenproject

ကိုယ်နဲ့ မရင်းနှီးတဲ့ အလုပ်တာဝန်များ၊ မိမိတစ်ခါမှ မလုပ်ဖူးတဲ့ တာဝန်အသစ်များအားလုံးသည် စွန့်စားရတာချည်းပါပဲ။ ကိုယ် စိတ်မဝင်စားတဲ့အရာတစ်ခုဖြစ်တာနဲ့ပဲ ငါ လုပ်နိုင်မှာမဟုတ်ပါဘူးလေဆိုပြီး ငြင်းဆန်နေလို့မရပါဘူး။ တစ်စုံတစ်ယောက်က ဒါလေးလုပ်ပေးပါဆိုပြီး အသစ်အဆန်တစ်ခုခု လုပ်ခိုင်းပါကလည်း မလုပ်နိုင်ဘူးလို့ ငြင်းဆန်မယ့်အစား မိမိလုပ်နိုင်သလောက် ကြိုးစားကာ လုပ်ဆောင်ကြည့်လိုက်ပါ။

မကြာခဏ အချိန်ဆွဲနေခြင်း

Comfort Zone အချိန်ကြာ

Photo: Marriage.com

လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အလုပ်ကိစ္စတစ်ခုကို အဘက်ဘက်က ပြီးပြည့်စုံအောင် လုပ်ဆောင်ချင်စိတ်နဲ့ အချိန်ဆွဲနေခြင်းသည်လည်း အလေ့အကျင့်ဆိုးတစ်ခုပဲဖြစ်ပါတယ်။ ပျင်းရိခြင်း ခြောက်ပါးထဲကလို နေပူလို့၊ မိုးရွာလို့ဆိုပြီး ဆင်ခြေမျိုးစုံပေးနေခြင်းသည်လည်း ကိုယ့်ရဲ့ဘဝကို ဆုတ်ယုတ်လာစေတဲ့ ဆင်ခြေများပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကွီးတို့အနေနဲ့ Comfort Zone ထဲကနေ အချိန်အကြာကြီး မနေဘဲ ရုန်းထွက်ဖို့ ကြိုးစားပါ။ ဘဝအတွက် အောင်မြင်မှုရရှိအောင် ကြိုးစားလိုက်ပါ။

Source: Lifehack

Featured Image: Tal3ntia