ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် (၄)ပွဲမှာ မန်ချက်စတာ စီးတီး တိုက်စစ်ကစားသမား အာလင်း ဟာလန်း က (၄)ပွဲလုံး ဂိုးသွင်းပြီး (၄)ပွဲအတွင်းမှာလည်း (၉)ဂိုးအထိတောင် ပိုးဆိုးပက်စက် သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အခုကတည်းက ဟာလန်းကို ပေးလိုက်ပါလားလို့တောင် ပြောလာကြပါတယ်။

haaland

Photo Credit: Transfermarket

တကယ်လည်း ဟာလန်း ရဲ့ ဂိုးသွင်းစွမ်းရည်တွေက ဒီရာသီမှာ ပိုလို့တောင် ကောင်းမွန်လာခဲ့ရပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရိုပြိုင်ပွဲ ကိုပါအမေရိကပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေ ရှိခဲ့သည်တိုင် ဟာလန်းရဲ့ နော်ဝေအသင်းက ဒီပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲခွင့် မရှိတာက ဟာလန်းအတွက် အပြည့်အဝ အနားရသလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဟာလန်းက ရာသီသစ် အစကတည်းကပဲ သွင်းဂိုးတွေ လှိုင်လှိုင် သွင်းယူနေခဲ့ပြီး စီးတီး ကစားသမားဘဝ ပွဲပေါင်း (၁၀၃)ပွဲမြောက်မှာပဲ စီးတီးအတွက် သူ သွင်းပေးထားတဲ့ သွင်းဂိုးအရေအတွက်ဟာ (၉၉)ဂိုးအထိ ရှိလာခဲ့ပါတယ်။

ronaldo haaland

Photo Credit: Goal

တကယ်လို့ ဟာလန်း က စီးတီးနဲ့ အင်တာတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးလေးသာ သွင်းနိုင်ခဲ့မယ်ဆိုရင် ဘောလုံးလောကမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို တစ်ဦးတည်းသာ တင်ရှိထားခဲ့ဖူးတဲ့ ပွဲပေါင်း (၁၀၅)ပွဲနဲ့ သွင်းဂိုး (၁၀၀)ပြည့်အောင် သွင်းယူနိုင်ခဲ့တယ်ဆိုတဲ့ စံချိန်ကို (၁၀၄)ပွဲလေးနဲ့ ရိုက်ချိုးလိုက်နိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ GOAT ကြီးတစ်ပါးဖြစ်သူ ရော်နယ်လ်ဒိုက ရီးယဲလ် မက်ဒရစ်အသင်းမှာ ကစားစဉ် ကာလအတွင်း ရီးယဲလ်အတွက် ပွဲပေါင်း (၁၀၅)ကစားပြီးချိန် သွင်းဂိုး အရေအတွက်ကိုပါ (၁၀၀)ပြည့်အောင် သွင်းယူနိုင်ခဲ့ရင်း ဒီစံချိန်ကို တင်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

haaland vs acerbi

Photo Credit: Football Italia

ဒါပေမယ့် ဟာလန်းက စီးတီးနဲ့ အင်တာတို့ပွဲမှာ ဂိုးလုံးဝ မသွင်းယူနိုင်ခဲ့ပဲ တစ်ပွဲလုံးရဲ့ ဘောလုံးထိချက် အနည်းဆုံး ကစားသမားပါ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဟာလန်းအနေနဲ့ ရော်နယ်လ်ဒို စံချိန်ကို မရိုက်ချိုးုလိုက်နိုင်ပေမယ့် ရော်နယ်လ်ဒိုလို (၁၀၅)ပွဲကစားပြီး ဂိုး(၁၀၀)ပြည့်အောင် သွင်းနိုင်တဲ့ နောက်ထပ် ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒါကတော့ လာမယ့် အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းဖို့ပါပဲ။ အဲ့ဒီပွဲမှာသာ ဟာလန်းက ဂိုးတစ်ဂိုး သွင်းလိုက်နိုင်တာနဲ့ ရော်နယ်လ်ဒိုနဲ့ (၁၀၅)ပွဲကစား ဂိုး(၁၀၀)သွင်း ပူးတွဲစံချိန်ရှင် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတိုင်း ပျောက်နေတက်တဲ့ ဟာလန်း က အာဆင်နယ်ရဲ့ ဆလီဘာ ဂါဘရီရယ်ခံစစ်ကိုရော ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ…

Featured Photo: GB News