စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ဖို့ ကွီးတို့ လုပ်နိုင်တဲ့ အလွယ်ဆုံးအရာတစ်ခုက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ဦးနှောက်ထဲက ကောင်းမွန်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပေးပြီး စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေလုပ်မှ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် မိနစ်အနည်းငယ်လောက် လမ်းလျောက်ရုံ ၊ ခပ်ရွရွပြေးရုံလောက်နဲ့တင် စိတ်ဖိစီးမှု ၊ စိတ်ကျရောဂါဝေဒနာတွေ သက်သာစေပြီး စိတ်အားပြန်လည် တက်ကြွလာစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ပိုင်းဆိုင် ရာ ပြဿနာတချို့ ကြုံတွေ့ခံစားရနေသူတွေပြုလုပ်သင့်တဲ့ အကောင်းဆုံး အားကစား နည်း ၅ ခုကို ပြောပြပေးချင်ပါတယ်။

(၁) တင်းနစ်

Photo : Unsplash

တင်းနစ်အားကစားနည်းဟာ လှုပ်လှုပ်ရွရွ ကစားရတဲ့ လေ့ကျင့်ခန်းတွေထဲမှာ အကောင်းဆုံးတစ်ခုလို့ ပြောလို့ရပါတယ်။ ခန္ဓာကိုယ်အရွေ့နဲ့ ဦးနှောက်ရဲ့တွေးခေါ်မှုကို ဟန်ချက်ညီညီ ချိန်ညှိ ကစားရပါတယ်။ တင်းနစ် အားကစား ဟာ ကိုယ်လက်ကြံ့ခိုင်ရုံမက စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုတွေကိုလည်း သက်သာပြေလျော့စေနိုင် စွမ်းရှိပါတယ်။ ဒါတင်မကသေးပါဘူး ကယ်လိုရီများစွာလောင်ကျွမ်းစေပြီး ကစားဖော်မိတ်ဆွေ အသစ်တွေရစေကာ ပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ရေကူး

Photo : LinkedIn

ရေကူး အားကစား နည်းဟာ ခန္ဓာကိုယ်တစ်ခုလုံးပေါ် သက်ရောက်မှုရှိတဲ့ အားကစားနည်းတစ်ခုဖြစ်တဲ့အပြင် စိတ်ကိုတည်ငြိမ်အောင်လည်း အကောင်းဆုံး ကူညီပေးနိုင်စွမ်းရှိပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်ကို ၃ – ၅ ကြိမ် ၊ ၁ ကြိမ်ကို မိနစ် ၃၀ ခန့် ရေကူးရုံနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေတယ်လို့ ဆိုထားပါတယ်။

(၃) ကြံ့ခိုင်မှု လေ့ကျင့်ခန်း

Photo : Freepik

ဝိတ်တုံးတွေ ၊ စက်ကိရိယာတွေနဲ့ ကိုယ်အလေးချိန် Bodyweight ပေါ်အခြေခံပြီး ကစားရတဲ့ Strength Training လေ့ကျင့်ခန်းတွေဟာ ကြွက်သားထုနဲ့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးနိုင်ရုံမက စိတ်ခံစားချက်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ် အချိုးအစားပုံကျလှပစေကာ ကိုယ်ကိုယ့်ကို ယုံကြည်မှုစွမ်းအားလည်း တိုးတက်စေပြီး စိတ်ခံစားမှု ပိုကောင်းလာစေမှာပဲ ဖြစ်ပါတယ်။

(၄) အပြေး

Photo : Competitive Edge

စိတ်ပိုင်းဆိုင်ရာဖိအားနဲ့ စိတ်ကျရောဂါကို တိုက်ထုတ်ဖို့အတွက် လူတိုင်းလုပ်နိုင်တဲ့ အလွယ်ဆုံး အားကစား နည်းက အပြေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းလုပ်ရာမှာ နည်းစနစ်တော့ ရှိပါတယ်။ အရင်ဆုံး စက္ကန့် ၃၀ ခန့် ပြင်းပြင်းထန်ထန်ပြေးပြီး စက္ကန့် ၆၀ အနားယူကာ နောက် ထပ် စက္ကန့် ၅၀ ခန့် ခပ်ရွရွပြန်ပြေးရမှာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ အနည်းငယ်ပြင်းထန်သော်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရစေပါတယ်။

(၅) ဘတ်စကက်ဘော

Photo : Wall Street Journal

ဘတ်စကက်ဘော အားကစား နည်းဟာ ပြေးခြင်း ၊ ခုန်ခြင်း ၊ ပစ်ခြင်း စတဲ့လှုပ်ရှားမှု ပုံစံမျိုးစုံပါဝင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်းစွမ်းမှု Level ကိုတိုးတက်စေရုံမက သက်လုံစွမ်းအားကို တိုးစေပြီး ကယ်လိုရီလောင်ကျွမ်းမှုလည်း များပါတယ်။ ပြင်းပြင်းထန်ထန် ပြေးလွှားလှုပ်ရှားကစားရတဲ့ ကစားနည်းတစ်ခုဖြစ်တာကြောင့် စိတ်လက်ပေါ့ပါးစေကာ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို လျော့ကျစေဖို့ များစွာကူညီ ပေးနိုင်ပါတယ်။

Featured Photo : MasterClass