ကြွက်သားတက်အောင် လုပ်ဖို့ဆိုတာ ဝိတ်ချတာထက်ကို ပိုပြီးခက်ခဲပါတယ်။ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာပြီး ကြွက်သားထုတက်လာဖို့ဆိုရင် လေ့ကျင့်ခန်းကို တစိုက်မတ်မတ်လုပ်ဆောင်ဖို့ လိုသလို နေ့စဉ် စားသုံးနေတဲ့ အစာအာဟာရကိုလည်း သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ အကယ်၍ သင်ဟာ ကြွက်သားတည်ဆောက်ခြင်း ပန်းတိုင်ဆီကို လျှောက်လှမ်းနေသူတစ်ယောက်ဆိုရင်တော့ ပိုမိုလျှင်မြန်ထိရောက်စွာ ကြွက်သားထုတက်လာစေဖို့ သိထားသင့်တဲ့ လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Target ထားပြီးကစားပါ

 Get Specific
Photo : Men’s Health

ကြွက်သားတည်ဆောက်ရေးအတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘော်ဒီအစိတ်အပိုင်း တစ်ခုစီကို ပစ်မှတ်ထားပြီး လေ့ကျင့်သင့်ပါတယ်။ ဥပမာအားဖြင့် ဝမ်းဗိုက်ကြွက်သား ၊ ရင်ဘတ် ၊ လက်မောင်းနဲ့ အောက်ပိုင်းကြွက်သားများ စသည်ဖြင့် ကြွက်သားအစိတ် အပိုင်းတစ်ခုစီကို သေချာ Target ထားပြီးကစားတာက ကြွက်သားတက်ဖို့ ပိုမိုထိရောက်မှု ရှိစေပါတယ်။

(၂) မတူညီတဲ့ ကစားနည်းတွေ ပြောင်းဆော့ပါ

Photo : Man of Many

နေ့တိုင်းမှာ တူညီတဲ့လေ့ကျင့်ခန်းတွေကိုပဲ ဆော့နေမယ်ဆိုရင် ကြွက်သားတည်ဆောက်မှုအပိုင်းမှာ တိုးတက်ပြောင်းလဲလာမှု နှေးကွေးစေနိုင်သလို ကြွက်သားတည်ဆောက်ခြင်း အပေါ် လည်း စိတ်အားထက်သန်မှုလျော့နည်းလာပြီး ငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကစားနည်းတွေကို အမြဲပုံမှန်သတ်မှတ်မထားပဲ ကြွက်သားအုပ်စုအလိုက် ဆော့ရမယ့် ကစားနည်းတွေကို ပြောင်းလဲကစားပေးတာ ၊ ဝိတ်တိုးမတာ စသည်ဖြင့် လုပ်ဆောင်ပေးဖို့ လိုပါတယ်။

(၃) အသက်ရှုပါ

Photo : AskMen

ဝိတ်ကစားနေချိန်မှာ အသက်ရှုဖို့ကိုလည်း မေ့မထားဖို့ အကြံပြုချင်ပါတယ်။ ဝိတ်ကစားစဉ်အသက်ရှုပေးတာဟာ သွေးပေါင်ချိန်ကို မှန်ကန်စေပြီး ကြွက်သားတွေနဲ့ နှလုံးကို အောက်ဆီဂျင်ပိုမိုရရှိစေကာ စွမ်းအားအပြည့်နဲ့ လေ့ကျင့်ခန်းလုပ်ရာမှာ ပိုမိုထိရောက်မှုရှိစေမှာဖြစ်ပါတယ်။ စိတ်ကိုလည်း တည်ငြိမ်စေတဲ့အတွက်  မတော်တဆထိခိုက်ဒဏ်ရာရမှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း Heavyweight တွေ ကစားတဲ့အခါမှာ အသက်ပြင်းပြင်း ရှုတာမျိုးတွေ လုပ်ကြတာပါ။

(၄) ခန္ဓာကိုယ်ကို တုန့်ပြန်မှုကို အမြဲသတိပြုပါ

Photo : Steel Supplements

ကြွက်သားတက်ဖို့ ကစားကြတဲ့အခါ ကြွက်သားတက်ခြင်းအပေါ်ကိုပဲ အာရုံစိုက်ပြီး ခန္ဓာကိုယ်ကို တုန့်ပြန်မှုတွေကို သတိမပြုမိတာမျိုး ဖြစ်တက်ပါတယ်။ တကယ်တော့ ကြွက်သားတည်ဆောက်မှုအပိုင်းမှာ ကြွက်သားထုတက်ဖို့နဲ့အတူ ကိုယ့်ခန္ဓာကိုယ်ရဲ့ တုန့်ပြန်လာမှုတွေကိုလည်း အမြဲသတိချပ်နေရမှာပါ။

ကိုယ့် ခန္ဓာကိုယ်က နားဖို့လိုနေလား ၊ ကြွက်သား တင်းမာမှုတစ်ခုခု ခံစားနေရလား ၊ ခန္ဓာကိုယ်က မတက်နိုင်တဲ့ ဝိတ်အလေးချိန်တွေနဲ့ ကစားနေမိလား စသည်ဖြင့်ပေါ့။ ခန္ဓာကိုယ်ကို တုန့်ပြန်မှုတွေကို သတိထားမယ်ဆိုရင် မလိုလားအပ်တဲ့ ဒဏ်ရာပြဿနာတွေလျော့နည်းပြီး ကျန်းကျန်းမာမာနဲ့ ကြွက်သားထုတက်အောင် ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : Men’s Health