မနေ့ညက ဝင်ဘလေကွင်းမှာ မန်ချက်စတာဒါဘီ ကွန်မြူနတီဒိုင်းပြိုင်ပွဲကြီးကို ကျင်းပသွားခဲ့ပြီး ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ပွဲကို ဦးဆောင်ခဲ့ပေမယ့်လည်း မိနစ်အနည်းငယ် အကြာလောက်မှာပဲ မန်ချက်စတာ စီးတီးက ချေပဂိုး ပြန်သွင်းယူခဲ့လို့ (၁)ဂိုးစီသရေ ဖြစ်သွားခဲ့ရင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မန်စီးတီး က ပင်နယ်တီမှာ (၇)ဂိုး (၆)ဂိုးနဲ့ အနိုင်ရကာ (၇)ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံတွေ ဖြစ်လာခဲ့ရပါတယ်။

manchester derby

Photo Credit : Eurosport

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှောင်းပိုင်းကပဲ ဝင်ဘလေကွင်းထဲမှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် ထိပ်တိုက် တွေ့ဆုံထားခဲ့သေးပြီး အဲ့ဒီတုန်းကတော့ မန်ယူနိုက်တက်အသင်းက (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ကာ ချန်ပီယံတွေ ဖြစ်ခဲ့ပါတယ်။ ဒီရှုံးကြွေးကိုတော့ မန်စီးတီးအသင်းက ကွန်မြူနတီဒိုင်းပွဲမှာ အကောင်းဆုံး အကြွေးပြန်ဆပ်နိုင်ခဲ့ပြီး ဘောလုံးရာသီအစမှာပဲ ဆုဖလားတစ်ခုကို စောစောစီးစီး ရယူလိုက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး ကစားသမား အစုံအလင် သိပ်ပြီး မပါဝင်နိုင်ခဲ့ပဲ မန်စီးတီး ဆိုရင် ရိုဒရီ ဝေါ်ကာ ဖိုဒန် ဂျွန်စတုန်းစ် ဂရီးလစ်ရှ်တို့ မပါဝင်နိုင်ခဲ့သလို ယူနိုက်တက်ဘက်မှာလည်း ဟွိုင်လန်း ရှော ဘစ်ဆာခါ ယိုရိုတို့ ဒဏ်ရာ ပြဿနာတွေကြောင့် ဒီပွဲကို လွဲချော်ခဲ့ပါတယ်။

man city 2-1 man utd community shield

Photo Credit : Eurosport

ဒီပွဲမှာ နှစ်သင်းလုံး အပိုင်အခွင့်ရေးတွေ ရရှိခဲ့ပေမယ့် တကယ်တမ်း ဂိုးတွေ သွင်းယူတော့ မိနစ် (၈၀)ကျော်မှသာ ဂိုးစသွင်းနိုင်ခဲ့ပြီး (၈၂)မိနစ်မှာပဲ ဂါနာချိုက မန်ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သလို (၈၉)မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားက မန်စီးတီးက ပြန်လည် ချေပခဲ့ပါတယ်။ (၁)ဂိုးစီ သရေနဲ့ မိနစ် (၉၀) ပြည့်သွားခဲ့တာကြောင့် ကွန်မြူနတီဒိုင်း ထုံးစံအရ အချိန်ပို မကစားတော့ပဲ ပင်နယ်တီ အဆုံးအဖြတ်သာ တခါတည်း ကစားခဲ့ရာ ယူနိုက်တက် ဂိုးသမား အိုနာနာက ဘာနာဒို ဆေးလ်ဗားရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပေမယ့် မန်စီးတီး ဂိုးသမား အီဒါဆင်ကလည်း စီးတီး ကစားသမားဟောင်း ဆန်ချိုရဲ့ ကန်သွင်းချက်ကို ကာကွယ်ခဲ့သလို အီဗန်စ်ကလည်း မိုးပေါ်ထောင်တက်အောင် ကန်သွင်းခဲ့လို့ ပင်နယ်တီမှာ စီးတီးက ယူနိုက်တက်ကို အနိုင်ရပြီး အက်ဖ်အေဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

Featured Photo : Daily Mail