ချစ်သူနှစ်ဦးရဲ့ ပထမဆုံး တွေ့ဆုံတဲ့ First ဒိတ် လေးဟာ ရင်ခုန်စရာကောင်းသလို တကယ်လည်းအရမ်းကြီးတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါတယ်။ အချစ်ခရီးလမ်းလေးရဲ့ စမှတ်လို့ဆိုရမယ့် ပထမဦးအကြိမ် Date လုပ်ချိန်မှာ တလွဲတွေလုပ်မိပြီး နှစ်ဦးကြားက ဆက်ဆံရေးကို အဖုအထစ်လေးတွေ ဖြစ်မသွားစေဖို့ ကွီးတို့အနေနဲ့ အခုပြောပြမယ့် ဝါရင့်သဘာရင့် ဆရာ့ ဆရာကြီး တွေရဲ့ လမ်းညွှန်ချက်လေးတွေကို သိထားဖို့ လိုပါလိမ့်မယ်။
(၁) ကြိုတင်ပြင်ဆင်ပါ
Photo : LovePanky
First Date လေးမှာ ဘာလုပ်မယ် ၊ ဘယ်သွားမယ် စသည်ဖြင့် သေချာလေး အစီအစဉ် ဆွဲထားသင့်ပါတယ်။ ဒါဟာ ကွီးတို့ရဲ့ ပူပူနွေးနွေးချစ်သူလေးဆီက အမှတ်ပိူရစေမယ့် အချက်တစ်ခုပါ။ အကောင်းဆုံးကတော့ ကွီးတို့သွားနေကျ ကော်ဖီဆိုင်လေးတွေ ၊ လူရှင်းပြီး အေးအေးဆေးဆေးရှိမယ့် ဆိုင်လေးတွေကို ရွေးချယ်တာ ကောင်းပါတယ်။ ဒီကပြီးရင် ဘယ်သွားမှာလဲ ရုပ်ရှင်ကြည့်မလား ၊ ဘုရားသွားမလား စတဲ့ Plan လေးတွေကိုလည်း ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။
(၂) မလိုအပ်ဘဲ စိတ်ဖိစီးမှုအရမ်း မထားပါနဲ့
Photo : Hitched
လူတိုင်း First Date ဆိုရင် စိုးရိမ်မှုအနည်းငယ်ရှိတာက သဘာဝပါပဲ။ တကယ်တော့ ဒါဟာ ပျော်ရွှင်စရာတွေမလာခင် ကြိုတင်ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှု တချို့ပါ။ စိတ်ဖိစီးမှုတွေ အရမ်းများနေတာက ကွီးတို့ရဲ့ ပထမဆုံး ချိန်းဆိုမှုလေးကို အဆင်မပြေတာတွေ ၊ အလွဲလွဲအချော်ချော်တွေ ဖြစ်လာစေရုံကလွဲရင် ကောင်းကျိုးမရှိပါဘူး။ ဒါကြောင့် အတက်နိုင်ဆုံး စိတ်ကိုလွတ်လပ်ပေါ့ပါးစွာထားပြီး အမှတ်တရကောင်းလေးတွေ ဖန်တီးဖို့ကိုပဲ အာရုံစိုက်ထားဖို့ အကြံပေးချင်ပါတယ်။
(၃) ဖုန်းကို အာရုံမထားပါနဲ့
Photo : Men’s Health
နှစ်ဦးသား လူချင်းတွေ့ဆုံတဲ့အခါမှာ လက်ရှိအခြေအနေလေးကိုပဲ အကောင်းဆုံး အာရုံစိုက်ထားသင့်ပါတယ်။ အလုပ်ကိစ္စတွေ ၊ ဘော်ဒါတွေနဲ့ စကားစမြည် ပြောတာတွေ ၊ ဆိုရှယ်မီဒီယာ သုံးတာတွေကို လုံးဝမလုပ်ပါနဲ့။ ဒါဟာ ကွီးတို့ရဲ့ ချစ်သူလေးကို အလေးမထားရာ ရောက်စေသလို ယဉ်ကျေးမှုမရှိတဲ့ အမူအရာတစ်ခုလည်း ဖြစ်စေပါတယ်။
(၄) သပ်သပ်ရပ်ရပ် ဝတ်သွားပါ
Photo : Executive Fantasy Hotels
ဝတ်စားဆင်ယင်မှုက အရေးကြီးဆုံး ဂရုစိုက်ရမယ့် အပိုင်းပါပဲ။ ဒါဟာ ဝတ်ကောင်းစားလှတွေ ဝတ်သွားဖို့ကို ဆိုလိုတာမဟုတ်ပဲ ကိုယ့်မှာရှိတဲ့ အဝတ်အစားတွေထဲကပဲ သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ပြန်ပြန်ရှိတဲ့ ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်သွားဖို့ပါ။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်သွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေမှာ ဖြစ်ပါတယ်။
(၅) နားထောင်ကောင်းသူ ဖြစ်ပါစေ
Photo : Zoosk
ချစ်သူလေးနဲ့ စကားပြောတဲ့အခါ ကိုယ်ကဦးဆောင်ပြီး ပြောရမှာ မှန်ပေမယ့် ကိုယ်ကချည်းပဲ ကရားရေလွှတ်ပြောတာမျိုး ရှောင်ကြဉ်ရပါမယ်။ တဖက်လူကိုလည်း စကားဝိုင်းထဲပါဝင်ဖို့ ဆွဲခေါ်သင့်ပြီး သူမ,ပြောတာလေးတွေကိုလည်း သေချာဂရုတစိုက် နားထောင်ပေးဖို့ လိုပါတယ်။ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ ၊ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ အတွင်းကျကျ မေးခွန်းတွေကို မမေးဖို့နဲ့ ဖြေရခက်စေမယ့် မေးခွန်းတွေကိုလည်း ရှောင်ဖို့ အကြံပေးချင်ပါတယ်။
First Date နဲ့ ပတ်သတ်ပြီး ကွီးတို့အတွက် အမှတ်တရဖြစ်စေမယ့် အဖြစ်အပျက်လေးတွေရှိရင်လည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Featured Photo : Glamour