ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီအကုန်မှာပဲ ဘောလုံးလောကရဲ့ GOAT ကြီး တစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီ ၊ ဝါရင့် စပိန် နောက်ခံ ကစားသမားကြီး ဆာဂျီယို ရာမို့စ်တို့နဲ့ လက်တွဲဖြုတ်လိုက်ရပြီးနေက် အသင်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ Follower အရေအတွက်တွေက သိသိသာသာကို ကျဆင်းသွားခဲ့ရပါတယ်။

messi and ramos

Photo Credit : Twitter

တစ်ချိန်တုန်းက ဘာစီလိုနာ နဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ အယ်လ်ဂလက်စီကို ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေအဖြစ် မကြာခဏ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ မက်ဆီ နဲ့ ရာမို့စ်တို့ဟာ ပီအက်စ်ဂျီမှာတော့ အသင်းဖော်တွေအဖြစ် ပြန်လည် ဆုံစည်းခဲ့ရပါတယ်။ အခုတော့ မက်ဆီရော ရာမို့စ်ရောဟာ ပီအက်စ်ဂျီ ကနေ အသီးသီး ပြန်လည် ထွက်ခွာခဲ့ရပြီဖြစ်ပြီး သူတို့ နှစ်ဦးလို ထိပ်တန်း ဘောလုံးသမားတွေ ထွက်ခွာမှုက ပီအက်စ်ဂျီအသင်းအပေါ် အကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။

leo and sergio

Photo Credit : PSG Talk

ပီအက်စ်ဂျီနဲ့ ဘောလုံးရာသီ (၂)ရာသီ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွစုံ (၇၅)ပွဲမှာ (၃၂)ဂိုးသွင်း (၃၅)ကြိမ် ဖန်တီးပေးနိုင်ခဲ့တဲ့ မက်ဆီ ကမ္ဘာ့ဖလားအပြီးမှာ အသင်းနဲ့ တစ်နှစ် ထပ်မံ သက်တမ်းတိုးဖို့ကို နှုတ်အားနဲ့ သဘောတူညီမှု ရရှိထားပေမယ့် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်လိုက်ပြီး အသင်းနဲ့ လမ်းဖွဲဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်(၁)ရက်နေ့ မက်ဆီ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာပဲ ပီအက်စ်ဂျီရဲ့ Social Media တွေကနေ followers တွေက ထိုးကျလာခဲ့ရပါတယ်။

အခု လက်ရှိမှာ မက်ဆီ ရာမို့စ်တို့ကို လက်လွတ်လိုက်ရတဲ့ ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ Instagram မှာ Followers အရေအတွက် စုစုပေါင်း (၅)သိန်းကျော်အထိ လျော့ကျခဲ့ရသလို Official Twitter Page မှာလည်း အလားတူ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့ထားရပါတယ်။

Featured Photo : Daily Mail