ဘောလုံးလောကရဲ့ Greatest Of All Time (GOAT) တွေထဲက GOAT တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ကတော့ ဘောလုံးနယ်ပယ်မှာ စံချိန်မှတ်တမ်းတွေကို ရယူရတာ အားမရလို့ Facebook, Twitter(X), Instagram, Youtube တို့လို လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရဖူးသေးတဲ့ followers ပေါင်း တစ်ဘီလီယံ ပမာဏကိုပါ အံ့အားသင့်စဖွယ် ရယူပြနိုင်ခဲ့ပါတယ်။
Photo Credit: UEFA Euro 2024
လက်ရှိမှာ အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး (၉၀၀)မြောက် ဂိုးကို သွင်းယူခဲ့ပြီး ဘောလုံးသမိုင်းမှာ ပထမဆုံးသော သွင်းဂိုး (၉၀၀)အထိ သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီလို သွင်းဂိုးစံချိန်တွေ အပါအဝင် စံချိန် မှတ်တမ်းကောင်းများစွာ အသင်းလိုက် ဆုဖလားပေါင်းများစွာနဲ့ တစ်ဦးချင်း ဆုတံဆိပ်ပေါင်းများစွာကိုပါ ရယူထားတဲ့ ရော်နယ်လ်ဒို က Social Media တွေပေါ်မှာလည်း အားလုံးရဲ့ အထက်မှာ ရပ်တည်နေနိုင်ပါသေးတယ်။
Photo Credit: Bench Warmers
ရော်နယ်လ်ဒိုဟာ နာမည်ကျော် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook မှာ followers အရေအတွက်ပေါင်း သန်း(၁၇၀) Instagram မှာလည်း followers ပေါင်း (၆၃၈)သန်းတို့နဲ့ ဒီ Social Media (၂)ခုမှာ followers အများဆုံးအဖြစ် ရပ်တည်နေပါတယ်။ Twitter(X)မှာတော့ အီလွန်မက်ခ်နဲ့ အိုဘားမားတို့ရဲ့နောက် တတိယနေရာမှာ ရှိနေတဲ့ ရော်နယ်လ်ဒို ဟာ followers (၁၁၃)သန်းအထိ ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးခင်မှ ဖွင့်လှစ်ထားတဲ့ Youtube Channel မှာလည်း followers ပေါင်း (၆၀.၆)သန်းအထိတောင် ပိုင်ဆိုင်ထားပါသေးတယ်။
Photo Credit: Ada Derana
ဒီနာမည်ကျော် ဆိုရှယ်မီဒီယာတွေအပြင် တရုတ် လူမှုကွန်ယက်တွေဖြစ်တဲ့ kuaishou နဲ့ weibo တို့က followers အရေအတွက်တွေပါ အကုန်ပေါင်းလိုက်မယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ ဆိုရှယ်မီဒီယာတွေပေါ်က စုစုပေါင်း followers ပမာဏဟာ တစ်ဘီလီယံအထိတောင် ရောက်သွားခဲ့ပါတယ်။ ဒီလို အရေအတွက်မျိုးကို ဘယ်သူကမှ မရရှိဖူးတဲ့အတွက် ရော်နယ်လ်ဒို အနေနဲ့ ဘောလုံးဇာတ်ခုံမှာ သာမကဲ ဆိုရှယ်မီဒီယာ လောကမှာပါ followers ပေါင်း တစ်ဘီလီယံအထိ ရရှိခဲ့တဲ့ ပထမဆုံး လူပုဂ္ဂိုလ်ဆိုတဲ့ မှတ်တမ်းတစ်ခုကိုပါ ဂုဏ်ယူဝင့်ကြားစဖွယ် ရေးထိုးလိုက်နိုင်ခဲ့ပါတယ်။
Featured Photo: Cristiano Ronaldo’s X