ကျန်းမာပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်နဲ့ ကျစ်လစ်တောင့်တင်းတဲ့ ဘော်ဒီရဖို့ အားကစားလုပ်တာ ၊ Gym ကစားတာဟာ အထိရောက် နည်းလမ်းတစ်ခုလို့ လူတိုင်းလက်ခံ ထားပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ် ပျားတွေလို အလုပ်များကြရတဲ့ နေထိုင်မှုပုံစံတွေအရ လူတိုင်းဟာ Gym ရုံသွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ Gym သွားဖို့ အချိန်မပေးနိုင်သူတွေအတွက် မိမိအိမ်မှာပဲ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ် ဘော်ဒီ ကို ပိုင်ဆိုင်နိုင်ဖို့ လိုက်နာရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။‌

(၁) သင့်တင့်မျှတအောင်စားပါ

Healthy Eating

Photo : Eat This Not That

စားသောက်မှုပုံစံဟာ ခန္ဓာကိုယ်အတွက် အများကြီး အရေးပါပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်မှုပုံစံတွေကို တက်နိုင်သမျှရှောင်ပြီး သင့်တင့်မျှတအောင် စားသုံးခြင်းဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်နဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အဓိကအားဖြင့် အဆီများတဲ့ အစားအစာတွေ ၊ အမြန်စား/အသင့်စား အစားအစာတွေ ၊ ဆီကြော်တွေ ၊ အချို/အငံ လွန်ကဲတဲ့ အစားအစာတွေဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ကိုယ်ခန္ဓာပုံပန်းကိုလည်း ပျက်စီးစေပါတယ်။ ခန္ဓာကိုယ်မှာ အဆီပိုကင်းပြီး ကျစ်လစ်တောင့်တင်းတဲ့ ဘော်ဒီ ကို ရချင်တယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအရွက် ၊ အသားဓာတ် ၊ ကာဘိုဟိုက်ဒရိတ် နဲ့ ကျန်းမာတဲ့ အဆီဓာတ်စတာတွေကို မျှမျှတတ သင့်တင့်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၂) ရေဓာတ်ပြည့်ဝအောင် သောက်ပါ

man drinking water

Photo : Business Insider

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ အဓိကလိုအပ်ချက် တစ်ခုပါပဲ။ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး ရေဓာတ်ကို ဖြည့်တင်းနိုင်ဖို့အတွက် တစ်နေ့တာအတွင်းမှာ တက်နိုင်သမျှ ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် သောက်သုံးခြင်းဟာ အလွန်အကျွံစားသောက်ချင်စိတ်ကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေတဲ့အပြင် လန်းဆန်းတက်ကြွမှုတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

(၃) တစ်ရက်ကို နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်ပါ

Workout

Photo : Men’s Health

ကွီးတို့ Gym မသွားနိုင်ဘူးဆိုရင်တောင် အိမ်မှာပဲ တစ်ရက်ကို အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ပါပဲ လမ်းလျှောက်တာ ၊ ပြေးတာ ၊ လှေကားတက်တာ ၊ ကြိုးခုန်တာ ၊ Planks ထောက်တာ ၊ Squats ထိုင်တာ ၊ Jumping Jacks ခုန်တာ ၊  ဒိုက်ထိုးတာ စတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနည်းတွေကို နာရီဝက်လောက်ပဲ အချိန်ပေးပြီး ကစားသင့်ပါတယ်။ တစ်ရက်ကို နာရီဝက် ၊ တစ်ပတ်ကို ၃ – ၄ ရက်ခန့် ကစားပေးရုံနဲ့ ပေါ့ပါးသွက်လက်ပြီး အဆီပိုကင်း ကျစ်လစ်တောင့်တင်းတဲ့ ကြွက်သား ဘော်ဒီ ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

(၄) အိပ်ချိန်ပြည့်ဝအောင် အိပ်စက်အနားယူပါ

Sleeping Man

Photo : KTAR News

အိပ်စက်ခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပါ တိုက်ရိုက်ဆက်နွယ်မှု ရှိပါတယ်။ အိပ်ရေးပျက်တာ ၊ အိပ်ချိန်ပုံမှန်မရှိတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုစနစ် ကမောက်ကမဖြစ်စေပြီး အဆီပိုတွေတက်လာဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းကဲ့သလို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။ တစ်ရက်တာမှာ အနည်းဆုံး ၇ နာရီကနေ ၉ နာရီခန့် အိပ်ချိန်ပြည့်ဝအောင် အိပ်စက်အနားယူမယ်ဆိုရင်တော့ ကြွက်သားတည်ဆောက်ရာမှာလည်း အထောက်အကူဖြစ်စေသလို ကျန်းမာကြံ့ခိုင်ပြီး ကျစ်လစ်သန်မာတဲ့ ခန္ဓာကိုယ်ကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

အထက်ပါ အချက်တွေဟာ ရိုးရှင်းပြီး လူတိုင်းလိုက်နိုင်ဖို့ အဆင်ပြေပါတယ်။ စိတ်ရှည်ရှည်နဲ့ တစိုက်မတ်မတ်လုပ်ဆောင်သွားမယ်ဆိုရင် Gym မသွားနိုင်လဲ ကျန်းမာပြီး ကျစ်လစ်တောင့်တင်းတဲ့ ဘော်ဒီ ရဖို့ ဖြစ်နိုင်ပါတယ်။

Featured Photo : Men’s Health