Gym မှာ Workout သွားလုပ်တဲ့အခါ မပါမဖြစ် ယူသွားသင့်တဲ့ အသုံးအဆောင်ပစ္စည်း တချို့ရှိပါတယ်။ ထိုပစ္စည်းများကို စုံစုံလင်လင်ယူသွားပြီးမှသာလျှင် မိမိအိမ်က ထွက်ခွာသင့်ပါတယ်။
ကျောပိုးအိတ်
Photo: The Scotsman
သယ်ရလွယ်ကူပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ ကျောပိုးအိတ်လေးတစ်လုံးကို ယူသွားသင့်ပါတယ်။ ကျောပိုးအိတ်က ကြီးလွန်းနေရင်လည်း လွယ်ရတာ လေးတာပဲ အဖတ်တင်ပါတယ်။ လေးလွန်းတဲ့အခါမှာလည်း ကိုယ့်အတွက် လိုအပ်တဲ့ပစ္စည်းများအားလုံး ထည့်လို့မဆန့်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ် ထည့်ချင်တဲ့ ပစ္စည်းအမျိုးအစားအာလုံး အစုံထည့်လို့ရတဲ့ ကျောပိုးအိတ်လေး တစ်လုံးသာ ဆောင်ထားလိုက်ပါ။ အကန့်များတဲ့ အိတ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါမှ အားကစားပြုလုပ်ပြီးတဲ့အခါ ချွေးကြောင့် စိုရွှဲနေတဲ့ အဝတ်အစားများကို သီးသန့်အကန့်ထဲ ထုပ်ပိုးထားနိုင်မှာဖြစ်ပါတယ်။
အားကစားဖိနပ်
အားကစား ပြုလုပ်မှာဖြစ်တဲ့အတွက် အားကစားဖိနပ်ကတော့ မရှိမဖြစ်ပါပဲ။ သင့်အနေနဲ့ အိမ်ကထွက်ကတည်းက တစ်ခါတည်း စီးသွားနိုင်သလို စောစာက ကျောပိုးအိတ်ထဲ ထည့်ထားပြီးမှ သယ်သွားလို့လည်းရပါတယ်။
အားကစားအဝတ်အစား
သက်သောင့်သက်သာနဲ့ အားကစားပြုလုပ်နိုင်ဖို့ဆိုရင်တော့ အားကစားအဝတ်အစားတွေက အသင့်တော်ဆုံးပါပဲ။ အားကစား အဝတ်အစားကို အိမ်ကနေ တခါတည်း ဝတ်လာနိုင်သလို Gym ရောက်မှ လဲဝတ်လည်းရပါတယ်။
အဝတ်အစား အပိုတစ်စုံ
စောစောကလို အားကစားအဝတ်အစား တစ်ခါတည်း ဝတ်ပြီးသားဆိုရင် အားကစားပြုလုပ်ပြီးတဲ့နောက်မှ လဲဝတ်ဖို့ နောက်ထပ် အဝတ်အစားအပိုတစ်စုံ လိုအပ်ပါလိမ့်မယ်။
ပုဝါ
Photo: RobeMart
အားကစားပြုလုပ်တဲ့အချိန်မှာ ချွေးအလိမ်းလိမ်း ထွက်နေမှာပါ။ ချွေးထွက်လိုက် လက်နဲ့ သုတ်လိုက်ဆိုရင် လက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများလည်း မျက်နှာမှာ ကပ်ငြိသွားပြီး အသားအရေအလှအပအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် ချွေးသုတ်ဖို့ ပုဝါတစ်ထည် ယူသွားပေးလိုက်ပါ။
ရေဘူး
Gym ခန်းမတိုင်းမှာ Workout လာလုပ်သူများအတွက် ရေဘူးနဲ့ ရေခွက် ထားထားပေးတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင် ရေဘူးကို မရှိမဖြစ် အသုံးအဆောင်ပစ္စည်း တစ်ခုအဖြစ် ထည့်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ Gym က ရေခွက်တွေက အများသုံးရေခွက်ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်ပါဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်ရေဘူးသာ ယူသွားလိုက်ပါ။
သကြားလုံး
အားကစားပြုလုပ်တဲ့နောက်မှာ အားအင်ကုန်ခမ်းသွားသလို ခံစားရတယ်ဆိုရင် သကြားလုံး အနည်းငယ် ဆောင်ထားကာ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ အချိုဓာတ် ဖြည့်တင်းရင်း ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ သကြားလုံး တစ်လုံး စားလိုက်ရုံနဲ့တင် ချက်ချင်းပဲ အမောပြေလာစေမှာဖြစ်ပါတယ်။
ချိုင်းချွေးနံ့ ပျောက်ဆေး
Photo: Rolling Stone
တချို့ Gym အကြီးစားတွေမှာတော့ အားကစားပြုလုပ်ပြီးတဲ့အခါ ရေချိုးဖို့ရန်အတွက် သီးသန့်အခန်းလေးတွေ ပြင်ဆင်ပေးထားတတ်ပါတယ်။ တကယ်လို့ သင်က အများသုံးရေချိုးခန်းမှာ မချိုးချင်တာပဲဖြစ်ဖြစ် ကိုယ် သွားတဲ့ Gym မှာ ရေချိုးခန်းတွေ မရှိရင်ပဲဖြစ်ဖြစ် ဒီအသုံးအဆောင်ပစ္စည်းကတော့ မရှိမဖြစ်ယူသွားသင့်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ ချွေးနံ့ပြင်းခြင်းကို ထိန်းဖို့ရန်အတွက် ချိုင်းချွေးနံ့ ပျောက်ဆေးလေး လိမ်းကျံပေးလိုက်ပါ။ ဒါဆိုရင်တော့ အိမ်အပြန်လမ်းမှာ ကိုယ့်ရဲ့ ပြင်းထန်တဲ့ ချွေးနံ့ကြောင့် စိတ်ညစ်ရမှာမဟုတ်တော့ပါဘူး။
အခုဖော်ပြခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကတော့ Gym မှာ Workout သွားလုပ်တဲ့အခါ မပါမဖြစ် ယူသွားသင့်တဲ့ အသုံးအဆောင်ပစ္စည်း များပဲဖြစ်ပါတယ်။
Source: Verywellfit
Featured Image: Rollingstone