Halloween နေ့ရောက်ဖို့ တစ်ရက်ထက်တစ်ရက် ပိုမို နီးကပ်လာပြီဆိုတော့ Halloween အထိမ်းအမှတ် ပါတီကျင်းပချင်တဲ့ ကွီးတို့အတွက် အလန်းစား ကော့လ်တေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Halloween Vampire ကော့လ်တေးလို့ ခေါ်ပါတယ်။ အမြင်ဆန်းသလို အရသာလည်း ရှယ်လန်းပါတယ်။

Photo : Self Proclaimed Foodie

Halloween Vampire ကော့လ်တေးကတော့ ဗော့ဒ်ကာကို Based လုပ်ပြီး ဖျော်ထားပါတယ်။ ဗော့ဒ်ကာ ၊ Amaretto ၊ လိမ္မော်ဖျော်ရည် ၊ Club Soda တို့ကို ကြောက်မက်ဖွယ် သွေးရည်အသွင်ဖြစ်အောင် ရက်စ်ဘယ်ရီနဲ့သကြားကို ကျိုချက်ဖန်တီးထားတဲ့ အနှစ်နဲ့ ပေါင်းစပ် တည်ခင်းရတာ ဖြစ်ပါတယ်။ ကဲဒါဆို လွယ်ကူရိုးရှင်းတဲ့ ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : Self Proclaimed Foodie

အရင်ဆုံး သွေးရည်ပုံစံ ရက်စ်ဘယ်ရီအနှစ်ရဖို့ လတ်ဆတ်တဲ့ ရက်စ်ဘယ်ရီသီးတစ်ခွက် ၊ သကြား စားပွဲတင်ဇွန်း တဝက်ခန့်နဲ့ ရေအနည်းငယ်တို့ကို ရောထည့်ပြီး ခပ်ပျစ်ပျစ် အနှစ်အနေအထား ရလာတဲ့အထိ မီးအေးအေးနဲ့ ကျိုပေးပါ။ ရက်စ်ဘယ်ရီအနှစ် ရလာပြီဆိုရင်တော့ အအေးခံထားလိုက်ပါ။ နောက်တစ်ဆင့်ကတော့ ဖန်ခွက်ထဲမှာ ဗော့ဒ်ကာ ၁ အောင်စ ၊ Amaretto အောင်စဝက် တို့ကို ရေခဲအနည်းငယ် ရောထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးတဲ့အခါ လိမ္မော်ဖျော်ရည် အောင်စဝက် ထပ်မံရောထည့်ပြီး Club Soda ကို ခွက်အပြည့် လောင်းထည့်ပေးရပါမယ်။ Halloween စတိုင်ဖြစ်တဲ့အတွက် ရက်စ်ဘယ်ရီအနှစ်ကို ဆေးထိုးအပ်ပြွန်နဲ့ စုပ်ထည့်ထားရပါမယ်။

Photo : Self Proclaimed Foodie

နောက်ဆုံး အဆင့်ကတော့ အသင့်ဖျော်ထားတဲ့ ကော့လ်တေးဖန်ခွက်ထဲကို ရက်စ်ဘယ်ရီအနှစ် စုပ်ထည့်ထားတဲ့ ဆေးထိုးအပ်ပြွန်လေး ညှစ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ ကာလာ ၂ ရောင်စပ်ဒီဇိုင်းနဲ့ ချိုပြင်းရှ အရသာ Halloween Vampire ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ Halloween နေ့မှာ ချစ်ခင်ရတဲ့ ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အရသာရှိတဲ့ Halloween Vampire ကော့လ်တေးတစ်ခွက် အတူတူ တည်ခင်းရင်း Chill လိုက်ရအောင်ပါ။

Featured Photo : Self Proclaimed Foodie