Hiking ထွက်ခြင်းဟာ စွန့်စားခန်းဖွင့်ရတာကြိုက်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ဝါသနာတစ်ခု ဖြစ်ပါတယ်။ တောတွင်း လမ်းကြမ်းလျှောက်တာက စိမ်းစိုလန်းဆန်းတဲ့ တောအုပ်တွေနဲ့ တောင်းတန်းတွေရဲ့ သဘာဝအလှတရားကြီးကို အနီးကပ်ထိတွေ့နိုင်မယ့် အကောင်းဆုံး လှုပ်ရှားမှုတစ်ခု ဖြစ်သလို တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော် ခရီးနှင်ရတဲ့အတွက် စိတ်ရောကိုယ်ပါ အထိရောက်ဆုံး ကြံ့ခိုင်သန်မာလာစေမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Hiking ထွက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ တောတွင်းခရီးစဉ်တစ်လျောက်လုံး ခွန်အားပြည့်ဝပြီး အကောင်းဆုံး ခရီးဆက်နိုင်ဖို့ Hiking မထွက်ခင် စားပေးသင့်တဲ့ အစားအစာ တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Oatmeal


Photo : Foodly

Oatmeal ဟာ အမျှင်ဓာတ်မြင့်မားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် Hiking ထွက်တဲ့ ခရီးစဉ်တစ်လျောက်လုံးမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ကို အကောင်းဆုံး ထိန်းထားပေးပြီး အားအင်ပြည့်ဝနေစေမှာ ဖြစ်ပါတယ်။ Oatmeal ကို Protein Powder ၊ မြေပဲထောပတ် ၊ အစေ့အဆန်နဲ့ သစ်သီးခြောက်တွေ ပေါင်းစပ်ပြီး အရသာရှိရှိ စားသုံးနိုင်ပါတယ်။

(၂) ကြက်ဥ


Photo : Healthline

ကြက်ဥ အကြီးတစ်လုံးမှာ ကယ်လိုရီ ၇၇ နဲ့ ပရိုတင်း ၆ ဂရမ်ခန့်ပါရှိတာကြောင့် အာဟာရ သိပ်သည်းစအလွန်များတဲ့ အစားအစာ တစ်ခုလို့ ပြောနိုင်ပါတယ်။ နောက်ပြီး ကြက်ဥမှာ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ထောက်ပံ့ပေးတဲ့အပြင် ကြွက်သားနာကျင်မှုကို သက်သာစေတဲ့ အမိုင်နိုအက်ဆစ် leucine ဓာတ်လည်း ပါဝင်ပါတယ်။ Hiking ထွက်ချိန်မှာ စွမ်းအင်ပြည့်ဝပြီး ကြွက်သားတွေ သန်မာနေစေဖို့ ကြက်ဥ မဖြစ်မနေ စားပေးသင့်ပါတယ်။

(၃) အသား

Photo : Medical News Today

ကြက် သို့မဟုတ် ငါးကဲ့သို့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာ တွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်က ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးပြီး ကြွက်သားတည်ဆောက်ခြင်းနဲ့ ကြွက်သားများပြုပြင်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ တောတွင်း လမ်းကြမ်းခရီးတဲ့အခါ အမောခံနိုင်ပြီး ခွန်အားပြည့်ဝနေစေမယ့်အပြင် ခြေထောက်နဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို ကြံ့ခိုင်သန်မာနေစေဖို့ ကြက်သား ၊ အမဲသားနဲ့ ငါးတွေကို စားသုံးပေးဖို့ လိုပါတယ်။

(၄) Nut Butter


Photo : Self.com

Nut Butter ကတော့ စွမ်းအင်နဲ့ ကြွက်သားကြံ့ခိုင်သန်မာမှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ Nut Butter တွေထဲမှာ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ Pecan နဲ့ မြေပဲထောပတ် စတဲ့ မတူညီတဲ့ အရသာအမျိုးမျိုး ရနိုင်တာကြောင့် နှစ်သက်ရာ အရသာကို ရွေးချယ်စားနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတိန်းဓာတ် စုံလင်စွာပေါင်းစပ်ပါဝင်တာကြောင့် Hiking မထွက်ခင်မှာ စားသင့်တဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။

Featured Photo : Leisure Group Travel