Hip Hop Industry ဟာ လူမည်း အနုပညာရှင်အများစု ကြီးစိုးထားတဲ့ နယ်ပယ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Hip Hop သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ထူးချွန်တဲ့ လူဖြူ ရက်ပ်ပါတွေ များစွာရှိခဲ့တယ်ဆိုတာလည်း ငြင်းလို့မရနိုင်ပါဘူး။ တချို့ ရက်ပ်ပါတွေ ဆိုရင် ဆယ်စုနှစ်တစ်ခုမက အောင်မြင်မှုများစွာ ရရှိထားကြပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ Ranker ၊ Wikipedia နဲ့ Celebrity Net Worth တို့က ဖော်ပြထားတဲ့ အချက်အလက်တွေအရ Hip Hop လောကထဲက အကျော်ကြားဆုံး လူဖြူ ရက်ပ်ပါ ၅ ဦး အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Eminem

Eminem လို့ လူသိများတဲ့ အမေရိကန် လူမျိုး ရက်ပ်ပါ Marshall Bruce Mathers III ကို ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူဟာ ရက်ပ်အဆိုတော် ၊ သီချင်းရေးဆရာနဲ့ Record Producer တစ်ယောက် ဖြစ်ပါတယ်။ Till I Collapse ၊ Love Yourself ၊ Venom တို့လို သီချင်းတွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားပါတယ်။ Eminem ဟာ Hip Hop ဂီတလောကမှာ ဆယ်စုနှစ်ကျော်ကြာ အောင်မြင်မှုရရှိထားတဲ့ ထာဝရအကောင်းဆုံး လူဖြူ ရက်ပ်ပါ တစ်ယောက် ဖြစ်ပါတယ်။

(၂) Yelawolf

Yelawolf နာမည်နဲ့ လူသိများတဲ့ Michael Wayne Atha ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာမွေးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Hip Hop ဂီတနယ်ပယ်ထဲ စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်မတိုင်ခင် EP အယ်လ်ဘမ် ၁ ခွေ ၊ Mixtapes ၄ ချပ် ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Trunk Muzik Returns လို့အမည်ပေးထားတဲ့ အတွဲ Mixtapes ခွေကို ထုတ်ဝေခဲ့ပြီး အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ တစ်ကိုယ်တော် စတူဒီယို အယ်လ်ဘမ် ၆ ချပ်ထွက်ရှိထားပြီး You And Me ၊ Till it’s Gone ၊ Pop the Trunk စတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ လူဖြူ ရက်ပ်ပါ တစ်ယောက်ဖြစ်ပါတယ်။

(၃) Mac Miller

Mac Miller ဟာ အမေရိကန်ရက်ပ်ပါ နဲ့ Record Producer တစ်ဦးဖြစ်ပြီး နာမည်အရင်းကတော့ Malcolm James McCormick ဖြစ်ပါတယ်။ သူ့ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူ့အသက် ၁၅ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာဘဲ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Blue Slide Park လို့နာမည်ပေးထားတဲ့ Miller ရဲ့ ပထမဦးဆုံး ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်း US Billboard 200 ရဲ့ ထိပ်ဆုံးရောက်ရရှိလာခဲ့တဲ့ ကိုယ်တိုင်ဖြန့်ချီတဲ့ ပထမဆုံး အယ်လ်ဘမ်တစ်ချပ် ဖြစ်လာခဲ့ပါတယ်။ Self-care ၊ Good News ၊ Circles သီချင်းတွေနဲ့ လူသိများတဲ့ ရက်ပ်ပါ Mac Miller ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ မူးယစ်ဆေး မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

(၄) G-Eazy

စတိတ်နာမည် G-Eazy လို့ လူသိများတဲ့ Gerald Earl Gillum ကတော့ ၁၉၈၉ ခုနှစ် မေလ ၂၄ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူဟာ ပထမဆုံးပွဲဦးထွက် အယ်လ်ဘမ်မှာတင် အောင်မြင်မှုအကြီးအကျယ် ရခဲ့ပါတယ်။ The Things Happen လို့ အမည်ပေးထားတဲ့ သူရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ဝေခဲ့ပြီး US Billboard 200 ရဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ The Endless Summer Mixtape ခွေကို ထုတ်ဝေခဲ့ပြီး ၁၉၆၁ ခုနှစ်က အောင်မြင်ခဲ့တဲ့ Runaround Sue သီချင်းကို ဗားရှင်းပြန်ပြောင်းဆိုထားတဲ့ Endless Summer သီချင်းဟာ YouTube ပေါ်မှာ ကြည့်ရှု့သူ ၄ သန်းကျော် ရရှိခဲ့ပါတယ်။ G-Eazy ဟာ Hip Hop လောကမှာ ကျော်ကြားတဲ့ လူဖြူ ရက်ပ်ပါ တစ်ယောက်ဖြစ်ပြီး ထူးထူးခြားခြား တစ်ခုခု အမြဲတွေ့နေရသူ ဖြစ်ပါတယ်။

(၅) Machine Gun Kelly

Machine Gun Kelly (MGK) လို့လူသိများတဲ့ အမေရိကန် ရက်ပ် အဆိုတော်၊ ဂီတပညာရှင်နဲ့ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Colson Baker ကို ၁၉၉၀ ဧပြီလ ၂၀ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူဟာ ထူးထူးခြားခြား ဂီတပုံစံတွေကို အမြဲဖန်တီးသူတစ်ယောက်ဖြစ်ပြီး Alternative Hip Hop နဲ့ Rock ဂီတကို ပေါင်းစပ်တဲ့ သီချင်းစတိုင်တွေနဲ့အတူ ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ MGK ဟာ Emo Girl ၊ Bad Things ၊ Home စတဲ့သီချင်းတွေနဲ့ လူသိများပြီး ၂၀၂၁ ခုနှစ်မှာလည်း Billboard Music Awards ဆုရရှိခဲ့တဲ့ အအောင်မြင်ဆုံး လူဖြူ ရက်ပ်ပါ တစ်ဦးဖြစ်ပါတယ်။

Featured Photo : Siachen Studios