ဝါသနာဆိုတာ လူတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့သာမက ရုပ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့အတွက်လည်း အဓိကကျတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဝါသနာတွေက စိတ်ဖိစီးမှုလျော့ကျစေခြင်း ၊ မိတ်ဆွေအသစ်များရစေခြင်း ၊ ကျန်းမာပျော်ရွှင်ခြင်းတွေအပြင်တခြားသောကောင်းမွန်တဲ့ အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ယောက်ျားပီသတဲ့အမျိုးသားတို့နဲ့ ကိုက်ညီတဲ့ ဝါသနာတွေကို ပြောပြပေးချင်ပါတယ်။
(၁) လက်သမားပညာ
Source : NamesFrog
သစ်သားကိုအခြေခံ၍ လိုသလို ချိန်ဆ ဖြတ်တောက် ထွင်းထုပြုလုပ်ရတဲ့ လက်သမားပညာဟာ အမျိုးသားအတွက် အကိုက်ညီဆုံးသော ဝါသနာကောင်းတွေထဲက တစ်ခုပါ။ လက်သမားပညာဆိုင်ရာ အခြေခံသဘောတရားတွေကိုနားလည်ထားပြီး ကိုယ့်ရဲ့ စိတ်ကူးဉာဏ်တွေနဲ့ ပေါင်းစပ်ဖန်တီးရတာမျိုးပါ။ လက်သမားပညာဟာ အားလပ်ချိန်တွေမှာ ဝါသနာတစ်ခုအနေနဲ့လုပ်နိုင်ရုံသာမက ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့လည်း အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ဝါသနာကောင်းတစ်ခု ဖြစ်ပါတယ်။
(၂) ဓာတ်ပုံရိုက်ကူးခြင်း
Source : Unsplash
အမျိုးသားတွေနဲ့ ကိုက်ညီမှုရှိတဲ့ နောက်ထပ်ဝါသနာတစ်ခုကတော့ ဓာတ်ပုံရိုက်ကူးခြင်း ဖြစ်ပါတယ်။ လှပပြီး ဖန်တီးမှုကောင်းတဲ့ ပုံရိပ်တွေကို ဖမ်းယူရတာဝါသနာပါတဲ့ သူတွေအတွက်တော့ ဓာတ်ပုံရိုက်ကူးခြင်းက အသင့်တော်ဆုံး ဝါသနာကောင်းတစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံကောင်းတစ်ပုံရဖို့ ဈေးကြီးတဲ့ကင်မရာတွေမသုံးနိုင်သေးရင်တောင် ကိုယ်မှာရှိတဲ့ ဖုန်းနဲ့တင် အကောင်းဆုံးဖန်တီးယူလို့ ရနိုင်ပါတယ်။
(၃) ကိုယ်ခံပညာ
Source : Pinterest
ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံပညာ (ကိုယ်လုံပညာ)မျိုးက ယောက်ျားပီသတဲ့ အမျိုးသားတိုင်း တက်မြောက်ထားသင့်ပါတယ်။ ကိုယ်ခံပညာတက်မြောက်ထားရင် လူတွေရဲ့အနိုင်ကျင့်မှုတွေ ၊ ပြင်ပအန္တရာယ်တွေကို ကောင်းစွာကာကွယ်နိုင်မှာဖြစ်ပြီး ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ဝှေ့ ၊ တိုက်ကွမ်ဒို ၊ ဂျူဒို ၊ သိုင်း စတဲ့ ကိုယ်ခံပညာတွေကို အားလပ်ချိန်တိုင်းမှာ ဝါသနာတစ်ခုအနေနဲ့လုပ်ဆောင်သင့်ပါတယ်။
(၄) တောင်တက်ခြင်း
Source : PxHere
စွန့်စွန့်စားစားဝါသနာရပ်တွေကိုမှ စိတ်ဝင်စားသူတွေအတွက်တော့ တောင်တက်ခြင်းက အကောင်းဆုံး ဝါသနာရပ်တစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ တောင်တက်ဝါသနာဟာ ဝေးလံခေါင်ဖျားတဲ့နေရာတွေအထိ အခက်အခဲကြားက စွန့်စွန့်စားစားလုပ်ဆောင်ရတဲ့ ဝါသနာရပ်တစ်ခုဖြစ်တာတာကြောင့် သင့်ကိုရုပ်ပိုင်းဆိုင်ရာမှာ အရင်ကထက်ပိုပြီး ကျန်းမာကြံ့ခိုင်လာစေနိုင်သလို စိတ်ဓာတ်လည်းပိုမို သန်စွမ်းကြံ့ခိုင်လာစေမှာဖြစ်ပါတယ်။ မတူညီတဲ့နေရာဒေသက အတွေ့အကြုံအသစ်အဆန်းတွေ မိတ်ဆွေသူငယ်ချင်းအသစ်တွေလည်း ရစေမှာဖြစ်ပါတယ်။