အခုလို မိုးအေးတဲ့ရာသီနဲ့ အလိုက်ဖက်ဆုံး ယမကာ တစ်မျိုးကို ပြောပါဆိုရင် ပူပူနွေးနွေး Hot Toddy ကော့လ်တေး တစ်ခွက်ကို ညွှန်းဆိုပေးချင်ပါတယ်။ Hot Toddy ကော့လ်တေး ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော် ခုနှစ်အားဖြင့် ၁၆၁၀ ဝန်းကျင်လောက်က အိန္ဒိယနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဟိန္ဒီစကားလုံး “Taddy” ကနေ ဆင်းသက်လာခဲ့ပြီး ထန်းရည်ကို အချဉ်ဖောက်ထားတဲ့ သောက်စရာတစ်မျိုးလို့ အဓိပ္ပါယ်ရပါတယ်။

Photo : A Couple Cooks

၁၇၈၆ ခုနှစ်နောက်ပိုင်းမှာတော့ ရေနွေး ၊ သကြားနဲ့ အရက်တို့ရောစပ်ထားတဲ့ Hot Toddy ကော့လ်တေးအဖြစ် ဆန်းသစ်တီထွင်လာခဲ့ပြီး အင်္ဂလန်နဲ့ စကော့တလန်နိုင်ငံတွေမှာ အရမ်းကိုလူကြိုက်များ ရေးပန်းစားခဲ့ပါတယ်။ Hot Toddy ကော့လ်တေးကို အဓိကအားဖြင့် Scotch ဝီစကီ နဲ့ ဖျော်စပ်ပါတယ်။ တချို့နေရာမှာတော့ ရမ် သို့မဟုတ် ဘရန်ဒီကို အသုံးပြုပြီးလည်း ဖျော်စပ်ကြပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ အမေရိကန်နိုင်ငံတဝှမ်းမှာ အအေးမိဖျားနာပျောက်စေတဲ့ ဆေးဖက်ဝင် အဖျော်ယမကာတစ်မျိုးအဖြစ် သတ်မှတ်မှီဝဲ ခဲ့ကြပါတယ်။ Hot Toddy ကော့လ်တေးက နှာစေးချောင်းဆိုးနဲ့ အအေးမိဖျားနာ ဝေဒနာခံစားရသူတွေအတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။

Hot Toddy ဖျော်စပ်နည်းတွေကတော့ အများကြီးရှိပါတယ်။ တော်တော်များများက Black Tea  သို့မဟုတ် လက်ဖက်ရည်ကို အသုံးပြုဖျော် စပ်ကြပေမယ့် အလွယ်ကူအရိုးရှင်းဆုံးနဲ့ အရသာအကောင်းဆုံး Classic Hot Toddy ဖျော်စပ်နည်းမှာတော့ ရေနွေးအဖြူကိုသာ အသုံးပြုပါတယ်။ ဘော်ဘွန်း ဝီစကီ ၊ ပျားရည် သို့မဟုတ် Pure Maple Syrup ၊ ရေနွေး ၊ သံပုယိုခြမ်း တို့နဲ့ အဓိကဖျော်စပ်ပြီး  အနံ့အရသာ ပိုမိုထူးကဲလေးနက်စေဖို့နဲ့ အလှဆင်ဖို့အတွက် လေးညှင်းပွင့် ၊ သစ်ကြံ့ပိုးခေါက် ၊ နာနတ်ပွင့်တို့ကို အသုံးပြုပါတယ်။


Photo : A Couple Cooks

Hot Toddy ဖျော်စပ်ဖို့ ပထမအဆင့်အနေနဲ့ ဖန်ခွက်ထဲမှာ ဘော်ဘွန်း ဝီစကီ ၁ အောင်စခွဲ ၊ ပျားရည် သို့မဟုတ် Pure Maple Syrup စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ အဲ့ဒီနောက်မှာ အသင့်တည်ထားတဲ့ ရေနွေးပူကို ခွက်တဝက်ခန့် လောင်းထည့်လိုက်ပါ။ ဖျော်ရည်ထဲကို သံပုယိုတစ်ခြမ်းညှစ်ထည့်ပြီး လေးညှင်း ၃ ပွင့် ၊ သစ်ကြံ့ပိုးခေါက် ၁ ခု နဲ့ နာနတ်ပွင့် ၁ ခုတို့ကို ရောထည့်အလှဆင်ကာ ပူပူနွေးနွေး ချိုပြင်းမွှေး Hot Toddy ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : BBC