Classic ဝီစကီ Whiskey ကော့လ်တေး တွေထဲမှာ လူကြိုက်အများဆုံးနဲ့ နာမည်ကြီးတဲ့ ကော့လ်တေးတစ်မျိုးက Old Fashioned ပါပဲ။ ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့တဲ့ Old Fashioned ကော့လ်တေးကို ခေတ်ဟောင်းအငွေ့အသက် Classic ကော့လ်တေးတစ်ခွက် လို့လည်း လူသိများပါတယ်။ သက်တမ်းအရတော့ နှစ်ပေါင် ၂၀၀ ကိုကျော်လွန်လာခဲ့ပြီဆိုပေမယ့် ဒီနေ့အထိ လူကြိုက်များနေဆဲဖြစ်တဲ့ အဖျော် ယမကာတစ်မျိုး ဖြစ်ပါတယ်။

Photo : A Couple Cooks

ပုံမှန်အားဖြင့် ဘော်ဘွန်း ဝီစကီ Whiskey ၊ သကြားခဲ ၊ Angostura Bitters တို့နဲ့ ရောစပ်ဖျော်ပါတယ်။ အခုပြောပြမယ့် Maple Old Fashioned ကတော့ မူလအရသာနဲ့ နည်းနည်းလေး ကွဲထွက်နေပြီး သောက်ရတာ ငြိမ့်ညောင်းမှုပိုရှိသလို ပိုပြီးလည်း နူးညံ့သိမ်မွေ့တဲ့ ကော့လ်တေးရဲ့ အရသာအတိမ်အနက်ကို စီးမြောခံစားနိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်ဖျော်စပ်တဲ့နေရာမှာ အများကြီးပြောင်းလဲ သွားတာမျိုး မရှိပါဘူး။ သကြားခဲနေရာမှာ ချိုမြမြ Maple Syrup ကို အစားထိုးအသုံးပြုပြီး ဖျော်စပ်ရုံပါပဲ။

ပါဝင်ပစ္စည်းတွေကတော့ ဘော်ဘွန်း ဝီစကီ Whiskey ၊ Maple Syrup ၊ Angostura Bitters ၊ လိမ္မော်ခွံ အနည်းငယ် ၊ ချယ်ရီသီးနဲ့ ရေခဲတို့ ပါဝင်ပါတယ်။ ဖျော်စပ်ရ လွယ်ကူရိုးရှင်းပြီး အရသာထူးခြားတဲ့ Maple Old Fashioned တစ်ခွက် ကွီးတို့အိမ်မှာ ကိုယ်တိုင်ဖျော်စပ်နိုင်ဖို့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ပြောပြပေးလိုက်ပါတယ်။


Photo : A Couple Cooks

Lowball Glass လို့ခေါ်တဲ့ ဝီစကီ Whiskey ဖန်ခွက်တစ်လုံး လိုပါတယ်။ ဖန်ခွက်ထဲကို ဘော်ဘွန်း ဝီစကီ Whiskey ၂ အောင်စ ၊ Maple Syrup ၁ ဇွန်း နဲ့ Angostura Bitters ၄ စက်ခန့် ရောထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင် ခွက်ထဲကို ရေခဲအတုံးကြီး ၁ တုံး ထည့်ပြီး ဖြည်းဖြည်းချင်း ဆက်မွှေပေးရပါမယ်။ အဲ့ဒီနောက်မှာ ဖန်ခွက်အပေါ်ကနေ လိမ္မော်ခွံရဲ့အရည်အနယ်းငယ် ညှစ်ထည့်ပြီး အနံ့ပိုမွှေးအောင် လိမ္မော်ခွံနဲ့ ဖန်ခွက်နှုတ်ခမ်းသားတွေကို ပွတ်ပေးပါ။ ပြီးရင်တော့ လိမ္မော်ခွံကို ဖန်ခွက်ထဲထည့်လိုက်ပြီး ချယ်ရယ်သီးလေးအလှကာ နူးညံ့သိမ်မွေ့တဲ့ Maple Old Fashioned ကော့လ်တေး ရဲ့ အရသာကို ခံစားလို့ရပြီ ဖြစ်ပါတယ်။

Featured Photo : Nelson’s Green Brier Distillery