၂၀၁၅ ခုနှစ် မေလ ၂၂ ရက်နေ့က တွမ်ဟိုးလ်ဆိုသူဟာ ၄ နာရီ ၂၈ မိနစ်ကြာအောင် တံတောင်ထောက် Planking လုပ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ အံ့ဩစရာဆိုတာထက် ပိုတဲ့ Planking ကြာချိန်ပါ။ သာမန်လူတစ်ယောက်အနေနဲ့ ၅ မိနစ်လောက် Plank ထောက်ဖို့ဆိုတာတောင် မစဉ်းစားရဲစရာ ဖြစ်မှာပါ။

Plank ထောက်တဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်သူဟာ ကျောရိုးနဲ့ ကြွက်သားသန်မာပြီး လက်ပြင်ကုန်းခြင်း ၊ Body Posture အချိုးမကျခြင်းတွေ သက်သာစေပါတယ်။ အရိုးအဆစ် ကျန်းမာရေးအတွက် ကောင်းပြီး ဇီဝကမ္မဖြစ်စဉ်ကို ပိုမြင့်စေပါတယ်။ စိတ်ခံစားချက်လည်း ပိုတိုးတက်လာပြီး စိတ်ဖိစီးမှုကနေ သက်သာရာရပါတယ်။ဒါပေမယ့် ဘယ်လောက်ကြာအောင် Plank ထောက်မှ ကျန်းမာရေးအတွက်အကျိုး များတာလဲ။

Photo: Freepik

ကျန်းမာကြံ့ခိုင်ရေး ကျွမ်းကျင်သူတွေကတော့ သင်ဟာ စက္ကန့် ၁၂၀ ကြာအောင် Plank မထိန်းနိုင်ရင် နံပါတ် (၁) ဝလွန်းလို့ ဖြစ်မယ်။ ဒါမှမဟုတ် (၂) အားနည်းလို့ရင် ဖြစ်မယ် ဒါမှမဟုတ် (၃) Workout လုပ်တာ တစ်ခုခု မှားနေလို့လည်း ဖြစ်မယ်လို့ ဆိုပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ဟာ ၂မိနစ်ကြာအောင် Plank ထောက်သင့်တယ်လို့လည်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

တကယ်လို့ Planking ထိရောက်ချင်တယ်ဆိုရင်တော့ တစ်ကျော့ကို စက္ကန့် ၆၀ စီနဲ့ ၃ ကျော့ ကစားပေးဖို့လည်း နယူးယော့မှ PhilanthroFIT တည်ထောင်သူ ဒေါက်ဆက်လာက ဆိုပါတယ်။ ၁ မိနစ်က များတယ်ဆိုရင်လည်း၁၀ စက္ကန့်ကြာအောင် ထောက်ထားပြီး အနည်းဆုံး ၃ ကျော့ကနေ ၆ ကျော့ ကစားပေးသင့်ပါတယ်။ Planking ကြာကြာ မထောက်နိုင်လို့ စိတ်မပျက်ပါနဲ့။

Photo: Freepik

ဒီလေ့ကျင့်ခန်းဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အချိန်ပြည့်ကစားပေးဖို့ပဲ လိုပါတယ်။ စက္ကန့် ၃၀ ဒါမှမဟုတ် စက္ကန့် ၆၀ အကျော့များများ ကစားတိုင်းမှာ မနားတမ်း ထောက်ထားဖို့က အရေးကြီးပါတယ်။ Planking လုပ်ချိန်ကို အများကြီးလည်း မယူသင့်ပါဘူး။ ပင်ပန်းသွားမယ်ဆိုရင် သင့်အတွက် အကျိုးမရှိတဲ့အပြင် ထိခိုက်ဒဏ်ရာပါ ရရှိနိုင်လို့ ဖြစ်ပါတယ်။