ဆွဲဆောင်မှုရှိသူဆိုတာ ရုပ်ချောရုံနဲ့ ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်ဟန်အမူအယာ လှုပ်ရှားပုံကလည်း စကားပြောပါတယ်။ လက်ပြင်ကုန်းတဲ့သူတွေဟာ ရုပ်ချောရင်တောင် ဆွဲဆောင်နိုင်စွမ်းအားနည်းကြပါတယ်။ လက်ပြင်ကုန်းတာဟာ ကွန်ပျူတာ ၊ စမတ်ဖုန်း အသုံးများသူတွေမှာ အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး ကျောရိုးမကြီး လေ့ကျင့်ခန်းတွေး လုပ်ပေးလိုက်ရင် လူပုံအချိုးအဆစ် Posture ပြန်မှန်သွားနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ လက်ပြင်ကုန်းသူတွေအတွက် Posture အချိုးကျစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းတချို့ ပြောပြပေးချင်ပါတယ်။

(၁) Plank

Man Planking

Photo: Breaking Muscle

Posture မှန်ဖို့ အလွယ်ဆုံး မှာချင်တာက စားပွဲထိုင်ခုံမှာ အကြာကြီး တမေ့တမော ထိုင်မနေဘဲ တစ်နာရီတစ်ခါလောက် ထပြီး လမ်းလျှောက်တာ ၊ ရွရွပြေး Jogging လုပ်တာမျိုး လုပ်ဖို့ပါပဲ။ အကြံပေးချင်တဲ့ လေ့ကျင့်ခန်းတစ်ခုက Plank လို့ ခေါ်တဲ့ တံတောင်ထောက်လေ့ကျင့်ခန်း လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ညီညာတဲ့ ကြမ်းပြင်ပေါ်မှာ တံတောင်ထောက် ၊ ခြေဖျားထောက်ထားပြီး ကျောကို ကြမ်းပြင်နဲ့ တဖြောင့်တည်းဖြစ်အောင် ထိန်းထားရတာပါ။ ကြာကြာလုပ်နိုင်ရင် ကောင်းပါတယ်။ အခုမှ စပြီး Plank ထောက်မယ်ဆို စက္ကန့် ၃၀ လောက် နဲ့စပြီး၂ မိနစ်အထိ ကြာအောင် ထောက်နိုင်ဖို့ ကြိုးစားပေးသင့်ပါတယ်။

(၂) Pull-Up

Pull-Ups

Photo: Men’s Health

အရိုးအဆစ်တွေ ဖြောင့်ပြီး ခါးကိုင်းတာ ၊ လက်ပြင်ကုန်းတာတွေ သက်သာစေဖို့ နောက်ထပ် လေ့ကျင့်ခန်းကောင်းတစ်ခုက တန်းခို Pull-Up လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ဘာပစ္စည်းမှ မယ်မယ်ရရ မလိုပါဘူး။ တောင့်တင်းခိုင်ခံ့တဲ့ ဘားတန်းတစ်ခုခု ရှိရင် ဖြစ်ပါတယ်။ တချို့ပန်းခြံတွေမှာတောင် Exercise Bar တွေ ထားပေးကြပါတယ်။

(၃) Wall Angels

Wall Angels

Photo: Fitness Baddies

ဒီနည်းက အခုပြောတဲ့နည်းတွေထဲမှာ အလွယ်ဆုံးလို့ ပြောနိုင်ပါတယ်။ မျက်နှာပြင်ညီတဲ့ နံရံတစ်ခုကို မှီရပ်ပြီး လေ့ကျင့်ပေးရုံပါပဲ။ ခြေနည်းနည်း ခွဲထားပြီး လက်ကို နံရံနဲ့ကပ်ပြီး ၉၀ ဒီဂရီ ထောင်ထားရမှာပါ။ ပြီးရင် တံတောင်တွေကို အောက်ကို လျှောချရမှာပါ။ လက်တွေကိုတော့ လုံးဝမလှုပ်ရပါဘူး။ လက်မောင်းနဲ့ ခေါင်းရဲ့ပုံဟာ W ပုံစံ ဖြစ်နေတဲ့အထိ လျှောချရမှာ ဖြစ်ပြီး ကျော ၊ ခေါင်းနဲ့ လက်တွေဟာ နံရံနဲ့ ထိကပ်နေဖို့လည်း သတိပြုဖို့ လိုပါတယ်။

ပြီးရင်တံတောင်တွေကို အပေါ်တွန်းပြီး Y ပုံစံဖြစ်အောင် တင်ရမှာပါ။ လက်မောင်းနဲ့ ကိုယ်ဟာ Y ပုံစံလို ဖြစ်သွားရင် လက်ကို W ပုံစံလို ပြန်ဖြစ်အောင် လျှောချပါ။ ဒါမျိုး ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။

Featured Photo: Medical News Today