ဗိုက်အဆီမရှိ ကြွက်သားတွေနဲ့ ကျစ်လျစ်ပြီး ကြည့်ကောင်းတဲ့ ဘော်ဒီလိုချင်ပေမယ့် အချိန်မရလို့ Gym မပြေးနိုင်သူတွေ ရှိကြမှာပါ။ တကယ်တော့ Gym ကစားမှ Six Pack ထွက်တာ မဟုတ်ပါဘူး။ အိမ်မှာ အားကစားလုပ်ရင်း အစားအသောက်ကို စနစ်တကျ စားရင်းနဲ့ 6 Pack ထွက်အောင် လုပ်လို့ ရပါတယ်။ ဒီတစ်ခေါက်မှာ 6 Pack ထွက်အောင် ကြိုးစားနေတဲ့ အမျိုးသားတို့အတွက် စားသောက်နည်းပုံစံတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) ပရိုတိန်းတိုးစားပါ
Photo: Freepik
BodyBuilding မှာ Diet က မရှိမဖြစ် အခရာကျပါတယ်။ ကြွက်သားတွေ မြန်မြန်တက်လာဖို့ ပရိုတိန်းပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ။ ကြွက်သားဆိုတာ ပရိုတိန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ ကြွက်သားတက်လာဖို့ ပရိုတိန်း တိုးစားပေးဖို့ လိုပါတယ်။ ပရိုတိန်းကို နို့နဲ့ နို့ထွက်ပစ္စည်းတွေ ၊ ပဲအမျိုးမျိုး ၊ အခွံမာသီး နဲ့ အစေ့အဆံတွေ ၊ တို့ဖူးနဲ့ ပဲနို့ထုတ်ကုန်တွေကနေ ရနိုင်ပါတယ်။
(၂) အဆီရှောင်ပါ
Photo: Freepik
ပရိုတိန်းစားပေးရတဲ့အပြင် တစ်ဖက်မှာလည်း ကိုယ့် Body Shape ကို ပုံပျက်စေမယ့် အဆီစားသုံးမှုကို လျှော့ချပေးဖို့ လိုပါတယ်။ အဆီအစားများခြင်းဟာ ဝမ်းဗိုက်မှာ အဆီစုဝေးမှုကို တိုးစေပြီး အားကစားလုပ်ချိန်မှာလည်း အဲ့ဒီအဆီကို အတော်လေး အချိန်ယူ ချရလို့ ဖြစ်ပါတယ်။ အဆီစားသုံးမှု ရှောင်ခြင်းအားဖြင့် ဝမ်းဗိုက်ပြင်ကြွက်သားတွေကို ဖုံးနေတဲ့ အဆီတွေ လျော့ကျစေလို့ ဗိုက်ကြွက်သားပို ပေါ်လာပြီး 6 Pack ထွက်တာလည်း ပိုမြန်လာစေနိုင်ပါတယ်။
(၃) ရေသောက် မပြတ်ပါစေနဲ့
Photo: Freepik
ရေသောက်တာနဲ့ 6 Pack ထွက်တာ ဘာများအဆက်အစပ်ရှိလို့လဲဆိုပြီး မေးကောင်းမေးပါလိမ့်မယ်။ ကိုယ်ခန္ဓာထဲက ဆဲလ်တွေဟာ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ရေလိုအပ်ပါတယ်။ ဒါကြောင့် ရေဓါတ်ဖြည့်တင်းပေးနေခြင်းအားဖြင့် ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် ပိုမြန်ဆန်လာပြီး Body Fat တွေ ပိုမြန်မြန် လောင်ကျွမ်းစေနိုင်ပါတယ်။
(၄) ကယ်လိုရီစားသုံးမှု လျှော့ချပါ
Photo: Freepik
6 Pack ရလာဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာ ကယ်လိုရီ စားသုံးမှုဟာ ကိုယ်ခြေဖျက်နိုင်တာထက် မများစေရပါဘူး။ ဒီလိုပြောလို့ မနက်စာ ရှောင်ရမယ် နေ့လယ်စာ ရှောင်ရမယ်ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး။ ကယ်လိုရီစားသုံးတဲ့ ပမာဏပဲ လျှော့ချဖို့ ဖြစ်ပါတယ်။ ကယ်လိုရီပါတဲ့ အစားအစာတွေ တစ်ခါစားရင် နည်းနည်းနဲ့ အချိန်ခွဲစားတာမျိုး လုပ်လို့ ရပါတယ်။ အချိုပါတဲ့ အစားအသောက်တွေ ၊ ကာဗွန်ဟိုက်ဒရိတ်တွေနဲ့ ပြုပြင်ထားတဲ့ သကြားပါ အစားအသောက်တွေ ရှောင်ပြီးတော့လည်း ကိုယ့်ရဲ့ Caloric Intake ကို လျှော့ချနိုင်ပါတယ်။
နေ့စဉ် သောက်သုံးနေကျ ကာဗွန်နိတ်ပါတဲ့ အဖျော်တွေ ၊ ဆိုဒါတွေ ၊ အရက် နဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေလည်း ရှောင်ပါ။ ဒီလို အစားအသောက်တွေ စားမယ့်အစား သဘာဝအစားအသောက်တွေ ၊ အိမ်လုပ် ဖျော်ရည်လိုမျိုး ကျန်းမာရေးနဲ့ ညီတဲ့ သောက်စရာတွေကို စားသောက်ပေးနိုင်ပါတယ်။
(၅) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားပါ
Photo: Freepik
အတော်များများက သစ်သီးသစ်ရွက်စားခြင်းရဲ့ ကျန်းမာရေးအကျိုးတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ Abs ထွက်အောင် လုပ်နေတဲ့ အမျိုးသားတွေအနေနဲ့ ပုံမှန်လူတွေ ထက်တောင် အသီးအရွက်တွေ များများပိုစားပေးသင့်ပါတယ်။ အသီးအရွက်တွေမှာ အမျှင်ဓါတ် ကြွယ်ဝလို့ လူကို ပိုမို သွက်လက်ပေါ့ပါးစေတဲ့အပြင် အစားအသာက် လိုတာထက် ပိုစားသုံးနိုင်မှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ဟင်းသီးဟင်းရွက်တွေဟာ ကိုယ်ခန္ဓာကို ဇီဝကမ္မဖြစ်စဉ်ကောင်းမွန်အောင် ထိန်းညှိနိုင်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေရဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။