အီရန် အမျိုးသမီးအသင်း ဂိုးသမား ဂိုရက် ကိုဒါအီက AFC ကို လိင်အတည်ပြုစစ်ဆေးဖို့ တောင်းဆိုခဲ့တဲ့ ဂျော်ဒန် အက်ဖ်အေရဲ့ တောင်းဆိုမှုဟာ အနိုင်ကျင့်စော်ကားမှုဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Zohreh Koudaei

Photo: talkSPORT

ပြီးခဲ့တဲ့စက်တင်ဘာလက ဂျော်ဒန်နဲ့ အီရန်တို့ကစားခဲ့တဲ့ အမျိုးသမီး အာရှဖလားခြေစစ်ပွဲစဉ်အတွင်း ပင်နယ်တီအဆုံးအဖြတ်မှာ ကူဒါအီရဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးကာကွယ်မှု ၂ ကြိမ်ကြောင့် အီရန်အသင်းက အာရှဖလားခြေစစ်ပွဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂိုးသမားရဲ့ လက်စွမ်းကြောင့် အီရန်အသင်းဟာ ၎င်းတို့အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် အမျိုးသမီး အာရှဖလားဝင်ခွင့်တစ်နေရာ သေချာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လအနည်းငယ်အကြာ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဌဖြစ်တဲ့ မင်းသား အလီ ဘင် အယ်လ်-ဟူစိန်က ကူဒါအီကို အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ စစ်ဆေးဖို့ တောင်းဆိုခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် သတင်းခေါင်းစည်းတွေမှာ အဲဒီပွဲစဉ်က ပြန်လည်ရေပန်းစားလာတာဖြစ်ပါတယ်။ ကူဒါအီက ၎င်းနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေကို အဲဒီအချိန်ကတည်းက ငြင်းပယ်ခဲ့ပြီး လက်ရှိမှာတော့ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကို တရားဥပဒေကြောင်းအရ လုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo: Dailymail

“ကျွန်မက အမျိုးသမီးပါ။ ဒီပြောဆိုမှုဟာ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဆီကနေ အနိုင်ကျင့်စော်ကားမှုပါ။ ကျွန်မ ဂျော်ဒန် အက်ဖ်အေကို တရားစွဲဆိုသွားမှာပါ”လို့ တူရကီသတင်းဌာန Hurriyet နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ အီရန်အသင်းတာဝန်ရှိသူတွေကလည်း ပြင်းထန်တဲ့ စွပ်စွဲမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ကူဒါအီဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ဆေးဝန်ထမ်းတွေဟာ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြဿနာမျိုးကို ရှောင်လွှဲနိုင်ဖို့ လက်ရွေးစင်အသင်းက တစ်ဦးချင်းစီကို ဟော်မုန်းနဲ့သက်ဆိုင်တာ ဂရုတစိုက် စစ်ဆေးခဲ့တာကြောင့် ပရိသတ်အားလုံးကို မစိုးရိမ်ကြဖို့ ကျွန်မ ပြောချင်ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်က တောင်းဆိုတဲ့ ဘယ်လို စာရွက်စာတမ်းမျိုးကိုမဆို အချိန်မဖြုန်းဘဲ ကျွန်မတို့ ပေးသွားမှာပါ။ ဒီ စွပ်စွဲချက်တွေဟာ အီရန်အမျိုးသမီးအသင်းကို ရှုံးနိမ့်မှုကို လက်မခံနိုင် ဆင်ခြေပေးတာသာ ဖြစ်ပါတယ်။ ဂျော်ဒန်အသင်းက သူတို့ကိုယ်သူတို့ ခြေစစ်ပွဲအောင်ဖို့ ရေပန်းအစားဆုံးလို့ ယူဆခဲ့ကြပြီး သူတို့တွေ ရှုံးသွားတဲ့အခါမှာ မှားယွင်းတဲ့ မုသားတွေအောက်မှာ ရှုံးနိမ့်မှုအတွက် တာဝန်ယူမှု တာဝန်ခံမှုကနေ လွတ်မြောက်အောင် သက်သာရာရှာတာ သဘာဝပါပဲ”လို့ လူစာရင်းရွေးချယ်သူ အီရန်အမျိုးသမီးအသင်းနည်းပြ မာရမ် အီရန်ဒုစ်က ပြောကြားခဲ့ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “အေအက်ဖ်စီအနေနဲ့ လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှု ဒါမှမဟုတ် လုပ်ငန်းစဉ်အပေါ်မှာ အမှန်တကယ်လား သို့မဟုတ် ဖြစ်နိုင်ခြေရှိလားဆိုတာကို မှတ်ချက်ပေးမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: The Indian Express