Apple ကတော့ ၎င်းတို့ရဲ့ Devices တွေရဲ့ ဘက်ထရီ ပါဝင်မှုပမဏကို ထုတ်ပြန်လေ့မရှိတဲ့နေရာမှာ နာမည်ဆိုးနဲ့ အမြဲကျော်ကြားပါတယ်။ အကယ်၍ ဘက်ထရီ ပမဏအတိအကျကို သိချင်တယ်ဆိုရင်တော့ iPhone အသစ်တွေ လက်ထဲရောက်လာပြီး ကိုယ်တိုင်ဖြုတ်ကြည့်လို့ရတဲ့ အချိန်အထိ စောင့်ရမှာပါ။

iPhone 15

Photo : GSMArena.com

လက်ရှိမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 15 မော်ဒယ်အသစ်တွေကို တရုတ်နိုင်ငံတွင်းမှာ ရောင်းချဖို့ပြင်ဆင်နေပြီး အဆိုပါ iPhone 15 မော်ဒယ် ၄ ခုလုံးမှာ ယခင်ထွက်ရှိထားတဲ့ iPhone တွေထက် အနည်းငယ် ပိုကြီးတဲ့ ဘက်ထရီတွေ ပါဝင်လာမယ့် တရုတ်နိုင်ငံရဲ့တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

iPhone 15 မှာတော့ ယခင် iPhone 14 မှာ အသုံးပြုထားတဲ့ ၃,၂၇၉ mAh ထက် ပိုများတဲ့ ၃,၃၄၉ mAh ဘက်ထရီကို အသုံးပြုလာပါတယ်။ ယခင် iPhone 14 Plus မှာ ၄,၃၂၅ mAh ကို အသုံးပြုခဲ့ပြီး iPhone 15 Plus မှာတော့ ပိုကြီးတဲ့ ၄,၃၈၃ mAh ဘက်ထရီကို ထည့်သွင်းပေးလာပါတယ်။ iPhone 15 Pro ရဲ့ ဘက်ထရီမှာလည်း ယခင် iPhone 14 Pro ရဲ့ ၃,၂၀၀ mAh ဘက်ထရီထက် ပိုများတဲ့ ၃,၂၇၄ mAh ဘက်ထရီ ပမာဏကို အသုံးပြုထားပြီး နောက်ဆုံးမော်ဒယ် iPhone 15 Pro Max မှာလည်း ယခင် iPhone 14 Pro Max ရဲ့ ၄,၃၂၃ mAh ဘက်ထရီထက် ပိုကြီးတဲ့ ၄,၄၂၂ mAh ဘက်ထရီကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

အကယ်၍ iPhone 15 မော်ဒယ် အားလုံးရဲ့ ဘက်ထရီ သက်တမ်းမှာ သိသိသာသာ တိုးတက်မှုတွေ မြင်ရမယ်ဆိုရင်တော့ ဒါဟာ ၁၀၀ mAh အောက် ဘက်ထရီ အရွယ်အစားပိုများလာကြောင့် သပ်သပ်သာမဟုတ်ပဲ ပိုကောင်းတဲ့ Chipsets တွေနဲ့ Screens တွေကို အသုံးပြုထားခြင်းနဲ့လည်း သက်ဆိုင်မယ်လို့ ယူဆရပါတယ်။

Photo : GSMArena.com

iPhone 15 ၊ iPhone 15 Plus ၊ iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အထူးမိတ်ဆက်ပွဲတစ်ခုပြုလုပ်ကာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး လက်ရှိ iPhone 15 မော်ဒယ် အားလုံးကို ကမ္ဘာ့တဝှမ်းမှာ ကြိုတင်အော်ဒါ မှာယူနိုင်နေပြီ ဖြစ်ပါတယ်။

Featured Photo : GSMArena.com