Apple ကတော့ လာမယ့် စက်တင်ဘာလထဲမှာ iPhone 16 စီးရီးကို မိတ်ဆက်သွားဖွယ် ရှိနေပြီး iPhone 16 အလုံးရေပေါင်း သန်း ၉၀ ကျော် ဖြန့်ချီရောင်းချဖို့ Target ထားနေတယ်လို့ လက်တလော သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ အဆိုပါ ပစ်မှတ်ကို ပြည့်မီစေဖို့ Apple ရဲ့ Manufacturing Partner ဖြစ်တဲ့ Foxconn ကုမ္ပဏီကနေ တရုတ်နိုင်ငံမှာရှိတဲ့ ၎င်းတို့ရဲ့ Zhengzhou စက်ရုံမှာ အလုပ်သမားအသစ် ၅၀,၀၀၀ ဝန်းကျင်ကို ထပ်မံခန့်အပ်လိုက်တယ်လို့ BusinessKorea က ဖော်ပြခဲ့ပါတယ်။

Foxconn

Photo : Techovedas

Apple ရဲ့ iPhone ထုတ်ကုန်သစ် ထုတ်လုပ်မှုရာသီဟာ များသောအားဖြင့် သြဂုတ်လထဲမှာ စတင်ပြီး ဒီဇင်ဘာလထဲမှာ အပြီးသတ်လေ့ ရှိတာကြောင့် အလုပ်သမားအသစ် သောင်းဂဏန်းဝန်းကျင်ခံ ထပ်မံငှားရမ်းလိုက်တာဟာ iPhone 16 ထုတ်လုပ်မှုအပိုင်းကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Foxconn ကလည်း အလုပ်သမားတွေကို ဇူလိုင်လအနှောင်းပိုင်းက စတင်ပြီး တစ်နာရီလုပ်အားခ ၂၅ ယွမ် (ဝမ် ၄,၈၀၀ ခန့်) အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ iPhone ထုတ်လုပ်မှုပိုင်းကို ကမ္ဘာ့တဝှမ်း အကြီးဆုံး တာဝန်ယူထားတဲ့ ထိုင်ဝမ်အခြေစိုက် Manufacturing ကုမ္ပဏီဖြစ်တဲ့ Foxconn ဟာ Zhengzhou စက်ရုံမှာ ခန့်အပ်ထားတဲ့ အလုပ်သမားတွေအတွက် ဘောနပ်စ်ကို ယွမ် ၆၀၀၀ ကနေ ၇၅၀၀ ယွမ်အထိ တိုးမြှင့်ပေးခဲ့ ပါသေးတယ်။

Foxconn

Photo : Forbes

ကြားရတဲ့သတင်းတွေအရတော့ Samsung နဲ့ LG တို့ဟာ အသစ်ထွက်ရှိလာမယ့် iPhone 16 စီးရီးအတွက် Display Panels အများအပြားကို ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြောဆိုနေကြပြီး Apple အနေနဲ့ Samsung မှ Display Panels စုစုပေါင်း သန်း ၈၀ ဝန်းကျင်နဲ့ LG မှ ၄၃ သန်း ဝန်းကျင်တို့ကို အော်ဒါမှာယူခဲ့တယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : 9to5Mac