Peek Performance နာမည်နဲ့ ကျင်းပသွားတဲ့ Apple ရဲ့ နွေဦးအကြို ထုတ်ကုန်သစ် မိတ်ဆက်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အများမျှော်လင့်ထားခဲ့သလို iPhone SE ဗားရှင်းသစ်ကို ဒီပွဲမှာ ကြေညာသွားခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ပထမဆုံးမိတ်ဆက်လိုက်တဲ့ iPhone အဖြစ် ဈေးကွက်ထဲ ဝင်ရောက်တော့မှာပါ။

iPhone SE 2022 ဟာ တတိယမျိုးဆက် SE ဗားရှင်း ဖြစ်ပြီး iOS လောကသားတွေအတွက် ဈေးအသက်သာဆုံး iPhone ဆိုလည်း မမှားပါဘူး။ ဒါပေမယ့်လည်း အပြင်ပန်းပြောင်းလဲမှုအနေနဲ့တော့ ဘာမှ ပြောင်းလဲတာ တွေ့ရမှာ မဟုတ်ပါဘူး။ ၂၀၂၀ မျိုးဆက် iPhone SE လိုပဲ iPhone SE 3 2022 ဟာ iPhone 8 Body နဲ့ လာပြီး ၄.၇ လက်မ LCD Screen ပဲ သုံးထားပါတယ်။

iPhone SE 2022

Photo: iMore

Home Button ဒီဇိုင်းသုံး နောက်ဆုံး iPhone တစ်လုံးဟာ iPhone 13/13 Pro တို့မှာ သုံးတဲ့ မှန်အမျိုးအစားကိုပဲ သုံးထားတာ ဖြစ်သလို IP67 Rating ရေစို ဖုန်ဝင်ဒဏ် ခံနိုင်ရည်ရှိပါတယ်။ Midnight ၊ Starlight နဲ့ Product (RED) သုံးရောင်နဲ့ ဝယ်ပြီး အဓိက Feature တစ်ခုက 5G ကွန်ရက်ချိတ်ဆက်မှု ပါလာတာပဲ ဖြစ်ပါတယ်။ 5G ရတဲ့ နေရာတွေမှာ ပိုပြီး မြန်ဆန်တဲ့ Speed နဲ့ ဒေါင်းလုပ်ဆွဲနိုင်မှာပါ။

တစ်ခုရှိတာက 5G ချိတ်ဆက်မှုပေးထားပေမယ့် sub-6 ကွန်ရက်တစ်မျိုးပဲ အထောက်အပံ့ပေးနိုင်တာ ဖြစ်ပြီး မြန်ဆန်တဲ့ mmWave 5G Speeds တော့ ရမှာ မဟုတ်ပါဘူး။ iPhone SE တွေရဲ့ ထုံးစံအတိုင်း အရင်နှစ်ထွက် Flagship iPhone ရဲ့ အတွင်းပစ္စည်းတချို့ သုံးလာပါတယ်။ iPhone SE 3 2022 မှာဆို iPhone 13 မှာ သုံးတဲ့ A15 Bionic Chipset ပါလာလို့ အရင်မျိုးဆက်ထက် CPU နဲ့ GPU စွမ်းဆောင်ရည်မှာ ပိုမြန်ဆန်သွက်လက်လာပါလိမ့်မယ်။

ဘက်ထရီပိုင်းလည်း ပိုကောင်းလာတယ်လို့ Apple က ပြောထားပေမယ့် ဘယ်လောက်ကြာအောင် Battery Life ခံမလဲဆိုတာတော့ ပြောမသွားပါဘူး။ ကင်မရာပိုင်းမှာ Deep Fusion ၊ Smart HDR 4 ၊ Photographic Styles တို့ ပါတဲ့ 12MP ကင်မရာစနစ်နဲ့ လာသလို A15 Bionic ISP ကြောင့် ဓါတ်ပုံစွမ်းဆောင်ရည်လည်း ပိုတက်လာမယ်လို့ ဆိုပါတယ်။

iPhone SE

Photo: iMore

ဈေးအနေနဲ့ အရင် ၂၀၂၀ မော်ဒယ်ကို ၃၉၉ ဒေါ်လာဈေး ရောင်းခဲ့ပြီး iPhone SE 3 ကို ၄၂၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ ကြေညာပါတယ်။ ဒေါ်လာ ၃၀ တက်လာက 5G အတွက် အခွန်လားလို့ စဉ်းစားစရာပါ။ မြန်မာငွေနဲ့ဆို iPhone SE 3 ကို အနည်းဆုံး ၇ သိန်းခွဲကျော်ဈေးနဲ့ ရောင်းတာ ဖြစ်ပါတယ်။ ဈေးနှုန်းအရ Upper Mid-Ranger ဖြစ်တာကြောင့် သက်သာတယ် Affordable လို့ ပြောလို့ မရပါဘူး။

iPhone တွေထဲမှာတော့ ဈေးအနည်းဆုံးဆိုတာ မှန်ပါတယ်။ ကင်မရာ နဲ့ Processor စွမ်းဆောင်ရည် ကောင်းလာပြီး 5G ပါတဲ့ တန်ဖိုးနည်း iPhone ကိုင်ဖို့ စိတ်ဝင်စားသူတွေအတွက်တော့ မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

Featured Photo: PhoneArena