iPhone ကို တစ်ပတ်ရစ် Second-Hand ထဲက ဝယ်မယ်ဆိုရင် ကွီးတို့အနေနဲ့ စစ်ဆေးရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ Second-Hand ဈေးကွက်ထဲက iPhone တွေဟာ အသစ်ထပ် အများကြီး ဈေးပိုသက်သာပေမယ့် တော်တော်လေး ရွေးတက်မှ ပစ္စည်းမှန် ပစ္စည်းကောင်း ရနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ iPhone Second-Hand ဝယ်မယ်ဆိုရင် အဓိက စစ်ဆေးသင့်တဲ့ အချက် ၇ ချက်ကို ပြောပြပေးပါမယ်။

(၁) ပိုင်ဆိုင်မှု အထောက်အထား

Photo : CBC

iPhone Second-Hand ဝယ်တဲ့အခါ ကိုယ်တဆင့် ပြန်ဝယ်မယ့်သူဆီက ပိုင်ဆိုင်မှု အထောက်အထား ၊ စာရွက်စာတမ်း တချို့တောင်းယူ ကြည့်သင့်ပါတယ်။ ဒါဟာ အွန်လိုင်းပေါ်ကနေ ဝယ်ယူတဲ့အခါမျိုးမှာ သေချာပေါက်လုပ်ဖို့လိုတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ရောင်းမယ့်သူကိုယ်တိုင်ရဲ့ နာမည်နဲ့ ဝယ်ယူထားတဲ့ ဘောင်ချာ ၊ အာမခံစာရွက် စသည်ဖြင့် ပိုင်ဆိုင်မှုကို သက်သေပြနိုင်မယ့် အထောက်အထား တစ်ခုခု တောင်းဖို့ လိုပါတယ်။ အဓိကအားဖြင့် လုံခြုံစိတ်ချရပြီး အရှုပ်အရှင်းကင်းတဲ့ ဖုန်းတစ်လုံး ဖြစ်တာသေချာမှ ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။

(၂) IMEI နံပါတ်

Photo : iDownloadBlog

ကွီးတို့ဝယ်ယူမယ့် iPhone ရဲ့ စက်ပစ္စည်းဆိုင်ရာ အချက်အလက်တွေနဲ့ Official Receipt မှာ ပါဝင်တဲ့ အချက်အလက်တွေ ကိုက်ညီမှုရှိမရှိ ဆိုတာကို IMEI နံပါတ်ကို စစ်ဆေးကြည့်ပြီး သိနိုင်ပါတယ်။ IMEI လို့ခေါ်တဲ့ International Mobile Equipment Identity နံပါတ်ကို စစ်ဆေးဖို့ Setting > General > About ထဲက သွားနိုင်သလို *#06# ကို နှိပ်ပြီးလည်း စစ်ကြည့်လို့ ရပါတယ်။ IMEI နံပါတ်ကို စစ်ဆေးခြင်းအားဖြင့်လည်း ကွီးတို့ ဝယ်ယူမယ့် iPhone က အစစ်လား အတုလားဆိုတာလည်း သိနိုင်မှာ ဖြစ်ပါတယ်။

(၃) Serial နံပါတ်

Photo : Apple Support

IMEI လိုပဲ Apple ကုမ္ပဏီဘက်ကနေ စက်ပိုင်းဆိုင်ရာ အာမခံအတည်ပြုချက်အတွက် iPhone တွေ အားလုံးမှာ ကိုယ်ပိုင် Serial နံပါတ်တွေကို ထုတ်ပေးထားပါတယ်။ iPhone ကို ထုတ်လုပ်ခဲ့တဲ့ ခုနှစ် ၊ မော်ဒယ် ၊ အရောင် စတဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးထားတဲ့အတွက် ကွီးတို့ ဝယ်ယူမယ့် iPhone ရဲ့ အချက်အလက် မှန်ကန်မှုရှိမရှိကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ Settings > General > About ကနေတဆင့် Serial နံပါတ်ကို စစ်ဆေးကြည့်နိုင်ပါတယ်။

(၄) Model နံပါတ်

Photo : iDownloadBlog

iPhone တစ်လုံးရဲ့ Model နံပါတ်ကို စစ်ဆေးကြည့်ခြင်းအားဖြင့်လည်း Apple ရဲ့ Official Store ကနေ အသစ်ဝယ်ယူထားတဲ့ ဖုန်းလား ဒါမှမဟုတ် ပြန်လည်ပြုပြင်ထားတဲ့ Refurbished ဖုန်းလားဆိုတာ သိနိုင်ပါတယ်။ ဖုန်းရဲ့ Settings > General > About ထဲက Model နံပါတ်ကို စစ်ကြည့်ပါ။ Model နံပါတ်မှာ အစမှာ M နဲ့ စရင် အသစ်ဝယ်ယူထားတဲ့ဖုန်းဖြစ်ပြီး A နဲ့စရင် Apple ကနေ Replacement လုပ်ပေးထားတဲ့ ဖုန်းဖြစ်ကာ F နဲ့ စရင်တော့ Refurbished ဖုန်း ဖြစ်ပါတယ်။

(၅) Battery Health

Photo : Lifewire

iPhone Second-Hand ဝယ်တဲ့အခါ အရေးကြီးဆုံး စစ်ဆေးရမယ့် အချက်တစ်ခုက Battery Health ပါပဲ။ Battery Health က 80% အောက်ရောက်နေပြီဆိုရင် ဘက်ထရီ စွမ်းဆောင်ရည် ကျဆင်းနေပြီဆိုတာ ပြနေတာဖြစ်ပြီး ဘက်ထရီလဲဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

(၆) Hardware ပိုင်း

Photo : the Adobe Blog

iPhone တစ်လုံးမှာ Hardware ပိုင်း ချို့ယွင်းချက် ရှိမရှိဆိုတာကိုလည်း မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ Touch ကောင်းကောင်းအလုပ် လုပ်မလုပ် App တစ်ခုကို ဖိပြီး Screen အနှံ့ ဆွဲ/ရွေ့ကြည့်တာ ၊ Microphone ကောင်းမကောင်း စစ်ဆေးတာ ၊ Speaker ပိုင်းစစ်ဆေးတာ ၊ အရှေ့/ အနောက် Camera တွေ ကောင်းကောင်းအလုပ် လုပ်မလုပ် စစ်ဆေးတာ ၊ အားသွင်းပေါက်တွေ ပျက်စီးမှုရှိမရှိ စစ်ဆေးတာ စတဲ့ Hardware ပိုင်းကို‌ သေချာလေး အချိန်ယူစစ်ဆေးသင့်ပါတယ်။

(၇) iCloud

Photo : iMore

နောက်ဆုံးအနေနဲ့ iPhone Second-Hand မဝယ်ခင် စစ်ဆေးရမယ့် အရေးကြီးဆုံး အချက်တစ်ခုကို ပြောပြပါမယ်။ ဒါကတော့ iCloud ကို Sign Out လုပ်ထားခြင်း ရှိမရှိဆိုတာကို စစ်ဆေးပေးဖို့ ဖြစ်ပါတယ်။ iCloud ကို Sign Out လုပ်မထားဘူးဆိုရင် ဖုန်းဝယ်ယူပြီးချိန်မှာ ပြဿနာတွေအများကြီး ရှိလာနိုင်သလို ၁၀၀ ရာခိုင်နှုန်း လုံခြုံစိတ်ချမှုလည်း မရှိနိုင်ပါဘူး။

Featured Photo : Bloomberg.com