အယ်လ်ကိုဟောပါတဲ့ ကော်ဖီယမကာတွေထဲမှာ Irish Coffee တွေက ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကျော်ကြားဆုံးလို့ ပြောနိုင်ပါတယ်။ ကော်ဖီကို အိုင်းရစ်ဝီစကီနဲ့ ပေါင်းစပ်ပြီး သကြားညိုနဲ့ Cream တို့ သုံးထားလို့ အရသာထူးခြားပါတယ်။

Irish Coffee က ခပ်ပူပူ သောက်ရတဲ့ Creamy Classic Drinks တွေ ဖြစ်ပါတယ်။ Irish Coffee ရဲ့ မူလအစအကြောင်း ပြောကြတာတွေက အများကြီးပါပဲ။ ဒီကော့တ်တေးလ်ကို ၁၉၄၀ နှစ်ဆန်းပိုင်းတွေက County Limerick က စားသောက်ဆိုင်အကြီးအကဲတစ်ဦးဖြစ်တဲ့ Joe Sheridan ဆိုသူက စတင်ခဲ့တာလို့လည်း ပြောကြပါတယ်။

irish coffee

Photo : jamesonwhiskey

ဒီကော့တ်တေးလ်ကို ကမ္ဘာကျော်စေခဲ့သူကတော့ ပူလစ်ဇာဆုရ San Franciso Chronicle ဆောင်းပါးရှင် စတေတန် ဒီလာပလိန်းပဲ ဖြစ်ပါတယ်။ ၁၉၅၀ နှစ်တွေက ဆန်ဖရန်စစ္စကို Buena Vista Cafe ကို မကြာခဏ ရောက်လေ့ရှိတဲ့ သူဟာ ဒီ Irish Coffee ကို လူသိများအောင် ဆောင်းပါးတွေကနေ ဖော်ထုတ်ခဲ့ပါတယ်။ ဒီဆန်ဖရန်စစ္စကိုဘားဟာ အလုပ်များတဲ့ရက်တွေမှာ တစ်နေ့ Irish Coffee အခွက် ၂၀၀၀ ကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

Blended Whiskey ၊ ကဖိန်းနဲ့ ကရမ်ရဲ့ ညက်ညောတဲ့ အရသာဟာ သောက်ချင့်စဖွယ် ဆွဲဆောင်မှုဖြစ်ခဲ့ပါတယ်။ ခွက်ကိုလည်း ခေါင်းလောင်းပုံစံ ဖန်ခွက်လေးနဲ့ အမြင်ဆန်းအောင် ဖန်တီးခဲ့တာပါ။ Irish Coffee တစ်ခွက်မှာ Irish Whiskey ၁ ၁/၂ အောင်စ ၊ သကြားညို ၂ ဇွန်း ၊ ကော်ဖီပူပူ နဲ့ အမြှုပ်လေးတွေနဲ့ ခရမ်တို့ လိုပါတယ်။ အရင်ဆုံး Irish Coffee ခွက်ထဲ ရေနွေးပူပူ ဖြည့်ပြီး ၂ မိနစ်ကြာအောင် ထားပြီး ရေနွေးကို သွန်ပစ်ရမှာပါ။

ပြီးရင် ဝီစကီ ၊ သကြားတို့ကို အပူပေးထားတဲ့ ဖန်ခွက်ထဲ ထည့်ပြီး အပေါ်က ကော်ဖီထည့် မွှေရမှာ ဖြစ်ပါတယ်။ ဒီအပေါ်ကိုတော့ အချိုမပါတဲ့ အမြှုပ်ပါ ခရမ်တစ်လက်မလောက် ထုရအောင် လောင်းထည့်ပေးရုံပါပဲ။

Featured Photo : jamesonwhiskey