DC Comics ရဲ့ နာမည်ကြီး ဗီလိန် Joker ဇာတ်ကောင်ကိုတော့ ရုပ်ရှင်ချစ်သူတွေ အားလုံးသိကြမှာပါ။ Joker ဇာတ်ရုပ်ကို ၁၉၄၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Batman #1 မှာ ပထမဆုံး ပွဲဦးထွက် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဖြူဖျော့ဖျော့ အသားအရည် ၊ အစိမ်းရောင် ဆံပင်နဲ့ ခရမ်းရောင်ဝတ်စုံကို အမြဲလိုလို ဝတ်ဆင်တက်တဲ့ အနီရောင် အပြုံးပိုင်ရှင် Joker ကြီးဟာ စိတ္တဇဆန်ဆန် ရယ်မောခြင်းတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဟာသတွေကို နှစ်သက်သူ ဖြစ်ပါတယ်။ Batman ရဲ့ ရန်သူတော်တွေထဲမှာ အလွန်ထူးခြားပြီး အထာကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ ဗီလိန်တစ်ယောက်ဆိုလည်း မမှားပါဘူး။ Joker ဟာ Comics မှာသာမက ရုပ်ရှင်ဇာတ်ကားတွေအထိ ပရိသတ်အားပေးမှု အခိုင်အမာရထားပြီး အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ ဗီလိန်ဇာတ်ကောင် ဖြစ်ပါတယ်။ Joker ဇာတ်ကောင်ကို နာမည်ကြီး မင်းသားတော်တော်များများ ပြန်လည်သရုပ်ဆောင်ထားကြပြီး ဒီထဲမှာ Joker ဇာတ်ကောင် ကို သရုပ်ဆောင်ထားကြတဲ့ နာမည်အကြီးဆုံး မင်းသား ၅ ဦးကို ပြောပြပေးချင်ပါတယ်။

(၁) Cesar Romero (The Batman Series 1966)

Cesar Romero

အမေရိကန် နာမည်ကြီး သရုပ်ဆောင် Cesar Romero ကတော့ ၁၉၆၀ ခုနှစ်ကနေ ၁၉၆၆ ခုနှစ်အထိ ထုတ်လွှင့်ခဲ့တဲ့ Batman တီဗီစီးရီးမှာ Joker ဇာတ်ကောင် နေရာကနေ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဖြစ်ပါတယ်။ ဖြူဖျော့ဖျော့ မျက်နှာ ၊ အစိမ်းရောင်ဆံပင်နဲ့ စိတ္တဇဆန်ဆန် နှုတ်ခမ်းရဲရဲ အသွင်အပြင်နဲ့ Classic Comic ထဲက Joker ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ် ” Batman ” တီဗီစီးရီးဟာ မင်းသားကြီး Cesar Romero ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့ပါတယ်။ Joker ဇာတ်ကောင်ကို ပထမဆုံး သရုပ်ဖော်ခဲ့တဲ့ မင်းသားကြီး ဖြစ်တဲ့အတွက် Joker ဖန်တိုင်းကတော့ မင်းသားကြီး Cesar Romero ရဲ့ သရုပ်ဆောင်ချက်တွေကို ဒီနေ့အထိ လွမ်းဆွတ်တမ်းတနေမိမယ်လို့ ယုံကြည်ပါတယ်။

(၂) Jack Nicholson (Batman 1989)

Jack Nicholson (Batman 1989)

Joker ဇာတ်ကောင်ကို သရုပ်ဆောင်တဲ့ မင်းသားတွေထဲမှာ နောက်ထပ်နာမည်ကြီးသူ တစ်ယောက်ကတော့ မင်းသားကြီး Jack Nicholson ပါ။ သူဟာ Joker ဇာတ်ကောင်ကို အမှန်တကယ်ပဲ အံ့သြစရာကောင်းလောက်အောင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ထွက် Batman ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကနဦးက Jack Napier လို့နာမည်ပေးထားတဲ့ ဗီလိန်နေရာကနေ သရုပ်ဆောင်ခဲ့တာပါ။ ဓာတုစက်ရုံတစ်ခုမှာ Batman (Michael Keaton) နဲ့ ထိပ်တိုက်တွေ့ပြီးတဲ့နောက်မှာ Joker အဖြစ်ကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ မင်းသားကြီး Jack Nicholson ရဲ့အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ဒီဇာတ်ကားဟာ ထင်ထားတာထက် ပိုမိုအောင်မြင်မှုရရှိခဲ့ပြီး စူပါဟီးရိုးရုပ်ရှင်တွေကို ပရိသတ်တွေ ပြန်လည်စိတ်ဝင်စားလာစေခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။

(၃) Heath Ledger (The Dark Knight 2008)

Heath Ledger
Heath Ledger ကတော့ Joker ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားတွေထဲမှာ လူကြိုက်များ ရေပန်းအစားဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Dark Knight ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပရိသတ်များစွာရဲ့ ဝေဖန်ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ Joker ဇာတ်ကောင်ကို အပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပြီး စိတ္တဇဆန်ဆန် ကြောက်စရာကောင်းတဲ့ Joker ဗားရှင်းကို အကောင်းဆုံး ဖန်တီးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ရုပ်ရှင်မထုတ်ဝေခင်မှာ Heath Ledger ဟာ သေဆုံး သွားခဲ့ပါတယ်။ The Dark Knight ဇာတ်ကားဟာ ၂၀၀၈ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး Ledger ဟာလည်း သေဆုံးပြီးမှ Joker ဇာတ်ရုပ်အတွက် ဆုများစွာရရှိခဲ့တာ ဖြစ်ပါတယ်။

(၄) Jared Leto (Suicide Squad 2016)

Jared Leto
မင်းသားချော Jared Leto ကတော့ ၂၀၁၆ ခုနှစ်ထွက် Suicide Squad ရုပ်ရှင်ဇာတ်ကားမှာ Joker ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတဲ့အသွင်အပြင် ၊ တက်တူးတွေနဲ့ အမိုက်စား ဝတ်စားဆင်ယင်မှုတွေကြောင့် Jared Leto ရဲ့ Joker ဇာတ်ကောင်ဟာ ပရိသတ်တွေကြားမှာ တော်တော်လေး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ Suicide Squad ရုပ်ရှင်ကားဟာ DC Extended Universe (DCEU) ရဲ့ အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရုံဝင်ငွေအများဆုံး ရခဲ့သလို အကောင်းဆုံးမိတ်ကပ်နဲ့ ဆံပင်စတိုင်လ်အတွက် အော်စကာဆုတွေလည်း ရခဲ့ပါတယ်။

(၅) Joaquin Phoenix (Joker 2019)

Joaquin Phoenix ကတော့ Todd Phillips ရဲ့ ၂၀၁၉ ခုနှစ်ထွက် Joker ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Phoenix ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေမြင်တွေ့ခဲ့ရပြီး Arthur ရဲ့ မတည်မငြိမ် ဖြစ်ခဲ့ရတဲ့ အတိတ် ၊ သူ့စိတ်နဲ့သူနဲ့ကြားက စည်းချင်းထိုးပွဲတွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်အားပေးမှုများစွာနဲ့ Golden Lion Award အပါအဝင် ဆုပေါင်းများစွာလည်း ရရှိခဲ့ပါတယ်။

Photo : Siachen Studio

Featured Photo : Entertainment Tonight