Jumping Jacks လေ့ကျင့်ခန်း ဆိုတာ အားကစား လုပ်သူတွေနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အားက စားမလုပ်ခင် သွေးပူ လေ့ကျင့်ခန်း အဖြစ် ပြုလုပ်လေ့ရှိကြသလို ကြံ့ခိုင်ရေး အစီအစဉ်တိုင်း လိုလိုမှာလည်း Jumping Jacks ကစားနည်း ကို ထည့် ကစားလေ့ရှိပါတယ်။ ဒါ့အပြင် အချိန်နေရာ မရွေး ကိရိယာတစ်ခုမှမပါဝင်ပဲ ကစားနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ Jumping Jacks လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေး အတွက် ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခု ဖြစ်တဲ့အပြင် အသက်အရွယ်မရွေး ကစားလို့ ရပါတယ်။ အခု ပြောပြပေး ချင်တာကတော့ ကွီး တို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်မယ့် Jumping Jacks ကစားနည်း ရဲ့ ကောင်းကျိုး တွေ အကြောင်း ဖြစ်ပါတယ်။
(၁) နှလုံးကို ကျန်းမာ စေတယ်
Photo : The Manual
Jumping Jacks လေ့ကျင့်ခန်း ဟာ Aerobic Cardio လေ့ကျင့်ခန်း တစ်ခု ဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့ အသက်ရှု စနစ်ကို တိုးတက်စေပြီး နှလုံး သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ နှလုံး ကြွက်သားတွေဆီကို အောက်ဆီဂျင် ကောင်းစွာ ပို့ဆောင်ပေးတဲ့အတွက် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး နှလုံးကို ကျန်းမာသန်စွမ်းစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၂) ဝိတ်ကျစေတယ်
Photo : The Manual
ကိုယ်အလေးချိန် လျော့ချနေသူတွေ ကြားမှာတော့ Jumping Jacks လေ့ကျင့်ခန်းက နာမည်ကြီး ပါတယ်။ ဒီ Cardio လေ့ကျင့်ခန်းဟာ ချွေးထွက်များပြီး အဆီပိုတွေကို ကောင်းစွာ လောင်ကျွမ်းစေတဲ့အတွက် တခြား လေ့ကျင့်ခန်းတွေထက် ကိုယ်အလေးချိန် (၂) ဆ လျော့ကျစေဖို့ ကူညီပေးပါတယ်။ Jumping Jacks လေ့ကျင့်ခန်း စလုပ်မယ့် သူတွေအနေနဲ့ အကြိမ် ၅၀ ၊ ၃ ကျော့ ခန့် စတင် ပြုလုပ်နိုင်ပါတယ်။
(၃) ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေ သန်မာစေတယ်
Photo : The Manual
Jumping Jack လေ့ကျင့်ခန်းက အဓိကအားဖြင့် ခုန်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေနဲ့ ခြေထောက်တွေကို သန်မာလာစေမှာ ဖြစ်ပါတယ်။ ခြေသလုံး ၊ ပေါင် ၊ တင်ပါး ၊ ခြေထောက်နဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၄) ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေတယ်
Photo : The Manual
Jumping Jack လေ့ကျင့်ခန်း ကစားတဲ့အခါ ခန္ဓာကိုယ်ကို ခုန်ကာ ခြေထောက်နဲ့ လက်နှစ်ဘက်ကို လွဲပြီး လှုပ်ရှားပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားနည်းဟာ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေ သာမက ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေအပေါ် အကျိုးသက် ရောက်မှု ရှိစေပါတယ်။ ကစားတဲ့ အကြိမ် အရေအတွက်နဲ့ လျင်မြန်မှု အရှိန်ပေါ် မူတည်ပြီး ကြွက်သားတွေရဲ့ ကြံ့ခိုင်သန်မာမှုဟာ အနှေးနဲ့ အမြန် တိုးတက် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
(၅) စိတ်ဖိစီးမှုလျော့ကျစေတယ်
Photo : The Manual
Jumping Jack လေ့ကျင့်ခန်း ဟာ စိတ်ဖိစီးမှု များသူတွေ အဓိက ကစားသင့်ပါတယ်။ လေ့လာမှုတွေအရ Jumping Jack လေ့ကျင့်ခန်း ၁၅ မိနစ်လောက် နေ့စဉ်ပုံမှန် ကစားပေးတာဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ကို စည်းချက်ကျကျ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်း တွေ ကစားတဲ့အခါ ဦးနှောက်ကနေ ခံစားမှု ကောင်းတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပြီး စိတ်ဖိစီးတွေကို သက်သာစေကာ ပျော်ရွှင်မှုတိုးစေမှာ ဖြစ်ပါတယ်။
Jumping Jack ကစားနည်းဟာ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေအတိုင်း ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေး အတွက် ထိရောက်ပြီး အကျိုးများတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ တစ်ယောက်တည်း လွယ်ကူစွာ ကစားနိုင်သလို အဖွဲ့လိုက် ပျော်ပျော်ပါးပါး ကစားလို့လည်း ရပါတယ်။ နောက်ပြီး မည်သည် ကိရိယာ ပစ္စည်းမှ မလိုပဲ ကစားနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်တာကြောင့် အိမ်မှာပဲ ပေါ့ပေါ့ပါးပါး ကစားနိုင်ပြီး အချိန်လည်း အများကြီး ပေးစရာမလိုတဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။
Featured Photo : Business Insider