အခက်ခဲတွေ ၊ စိန်ခေါ်မှုတွေနဲ့ စိတ်ဖိစီးစရာတွေအရမ်းကိုများတဲ့ ယနေ့ ခေတ်ကြီးထဲမှာ လူတစ်ချို့က ဘာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ထားကြတာလဲလို့ မေးခွန်းထုတ်ဖူးပါသလား။ အဖြေက အရမ်းကို ရိုးရှင်းပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုဆိုတာ လူတိုင်းနဲ့ထိုက်တန်တဲ့အရာတစ်ခုပါ။သို့သော်လည်း လူအများစု မေ့လျော့ထားတဲ့အရာတွေကြောင့် ကျန်းမာမှု ၊ ပျော်ရွှင်မှုဆိုတာတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးနေရတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်သူတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) နေ့တစ်နေ့ကို အပြုံးနဲ့ စတင်ပါ
Source : ubackground.com
အပြုံးဆိုတာ တစ်နည်းအားဖြင့် ပျော်ရွှင်မှုရဲ့ သင်္ကေတတစ်ခုလို့ ဆိုကြပါတယ်။ နေ့တစ်နေ့ကို စိတ်ညစ်ညူးစရာအကြောင်းအရာတွေနဲ့ စတင်မယ်ဆိုရင် အဲ့ဒီတစ်နေ့က ဘယ်လိုနည်းနဲ့မှ ပျော်စရာကောင်းတဲ့နေ့တစ်နေ့ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ဘဝအတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေနဲ့ နေ့သစ်ကို စတင်မယ့်အစား ပျော်ရွှင်မှုရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ အပြုံးနဲ့ စတင်လိုက်ပါ။
(၂) စိတ်ရဲ့ပြတင်းတံခါးကို ဖွင့်ထားပါ
Source : The Cheat Sheet
လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ အဲ့ဒီလူရဲ့ စိတ်အပေါ်မှာ အများကြီးမူတည်နေပါတယ်။ စိတ်ကို ကန့်သတ်ချက်တွေ ချုပ်တည်းမှုတွေနဲ့ ချည်နှောင်ထားသ၍တော့ ပျော်ရွှင်မှုဆိုတာရှိမလာနိုင်ပါဘူး။ အလုံပိတ်အခန်းတစ်ခုထဲမှာနေတဲ့လူတစ်ယောက်အတွက် နေရောင်ခြည်ရဲ့တောက်ပမှုဆိုတာကို မသိနိုင်သလို စိတ်ရဲ့ ပြတင်းတံခါးတွေကို ပိတ်ထားသူတစ်ယောက် အနေနဲ့လည်း သဘာဝတရားကြီးရဲ့ ကြည်နူးဖွယ်ရာအကြောင်းအရာတွေကို သိနိုင်မှာမဟုတ်ပါဘူး။
(၃) အိပ်ယာဝင်တိုင်း စာဖတ်ပါ
Source : pride.com
ယနေ့ခေတ်လူအများစုရဲ့ ညအိပ်ယာဝင်ချိန်ဟာ ဖုန်းတွေနဲ့ပဲ အများဆုံး အချိန်ကုန်ဆုံးလေ့ရှိကြတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အောင်မြင်ပျော်ရွှင်နေသူတိုင်းကတော့ ညဘက်အိပ်ယာဝင်ချိန်ကို စာအုပ်တွေနဲ့သာ အချိန်ကုန်လေ့ရှိကြတာဖြစ်ပါတယ်။ တစ်နေ့မှာ ဘယ်လောက်ပင်ပန်းနေပါစေ စာဖတ်ခြင်းအလေ့အထကိုတော့ မေ့လျော့မထားကြပါဘူး။ တန်ဖိုးအရှိဆုံး ဗဟုသုတတွေအပြင် ဘဝစာမျက်နှာရဲ့ ပြဿနာတစ်စိတ်တစ်ပိုင်းကိုဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ချို့က စာအုပ်စာပေတွေမှာ ရှာဖွေလို့ရနိုင်တာကြောင့် လူတိုင်းလူတိုင်း အိပ်ယာဝင်ချိန်မှာ စာဖတ်သင့်ပါတယ်။
(၄) ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ
Source : travelouts.com
စက်ပစ္စည်းတစ်ခုကို ပုံမှန်လည်ပတ်စေခြင်းမရှိဘဲ အချိန်ကြာရှည်စွာ ပစ်ထားရင် ယိုယွင်းပျက်စီးသွားတတ်သလို ခန္ဓာကိုယ်ဟာလည်း အချိန်ကြာမြင့်စွာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းမရှိတဲ့အခါ ရောဂါဘယတွေ တစ်ခုမဟုတ်တစ်ခုဝင်လာတတ်ပြီး ကျန်းမာရေးမှာ အားနည်းချက်တွေရှိလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ စိတ်ဖိစီးကိုလျော့ကျစေသလို ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုလည်း ရရှိစေတာဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ချင်သူတိုင်း နေ့စဉ်လေကျင့်ခန်းပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။