လိုဂန် ပေါလ်ဟာ ဘောက်ဆင်ဂန္တဝင် ဖလွိုက် မေဝယ်သာနဲ့ ထိုးသတ်မယ့် ပွဲစဉ်ကို ဝေဖန်ထိုးနှက်နေသူများအပေါ် ပြန်လည်တုံ့ပြန်ခဲ့ပြီး စိတ်ဝင်စားမှုနည်းပါးခြင်းကြောင့် ပွဲကို ရွှေ့ဆိုင်းထားတာဖြစ်တယ်ဆိုတဲ့ ပြောကြားမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် အမေရိကန် Youtuber ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မေဝယ်သာနဲ့ ကြိုးဝိုင်းထဲမှာ ထိုးသတ်မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါလ်နဲ့ မေဝယ်သာတို့ရဲ့ ပွဲအတွက် အင်စတာဂရမ်မှာ တင်ထားတဲ့ပို့စ်ကို ပြန်ဖျက်သွားခဲ့ပြီးနောက် လက်ဝှေ့ပွဲ တကယ်ဖြစ်လာပါ့မလားဆိုတဲ့ မရေရာမှုတွေ ရှိလာနေခဲ့တာဖြစ်ပါတယ်။

Photo: sportbible
ထိုးသတ်မယ့်အချိန်ကို မူလက ဖေဖော်ဝါရီ ၂၀ ရက်နေ့သတ်မှတ်ထားခဲ့တာဖြစ်ပေမယ့် ပေါလ်ဟာ လက်ရှိမှာတော့ တိတ်ဆိတ်နေမှုကို ဖြိုခွင်းခဲ့ပြီး ၎င်းနဲ့ မေဝယ်သာတို့ရဲ့ ပွဲစဉ်ဟာ ရွှေ့ဆိုင်းထားခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ လိုဂန် ပေါလ်ဟာ လက်ဝှေ့ပွဲဟာ စိတ်ဝင်စားမှုနည်းပါးတာကြောင့် ရွှေ့ဆိုင်းထားခဲ့တယ်လို့ ဇာတ်လမ်းလုပ်နေကြသူတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး မေဝယ်သာနဲ့ ထိုးသတ်မယ့်ပွဲစဉ်လောက် ဒီတစ်နှစ်လုံးမှာ ဆူညံမယ့် ထိုးသတ်ပွဲ ရှိလာတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အွန်လိုင်းမှာ မြင်နေရတဲ့ ဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး နည်းနည်း စိတ်ပျက်မိခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော် ဒီကိစ္စကို ရှင်းမှ ရတော့မယ်။ အဲဒါက ရူးကြောင်ကြောင်စကားပါ။ ကျွန်တော်တို့ ကြံ့ခိုင်မှုနဲ့ ထိုးသတ်နိုင်မှုအခြေအနေကို စစ်ဆေးပေးဖို့ လာခဲ့တဲ့ နည်းပြတစ်ဦးက ထိုးသတ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်တွေကို ပေါက်ကြားအောင်လုပ်ခဲ့တယ်”
“ဒီသတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ သူက ထိုးသတ်မယ့်ပွဲကို နောက်ကို ဆုတ်ရလိမ့်မယ်တဲ့။ ကျွန်တော်က ဘာလို့ ငါတို့ စခန်းထဲက ဟာတွေက အပြင်ကို ပေါက်ကြားသွားတာလဲ။ ဘယ်သူမှ ဒါကို သိစရာအကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ဇာတ်လမ်းက ဖလိုက်မေဝယ်သာနဲ့ လိုဂန်ပေါလ်တို့ ထိုးသတ်ပွဲက စိတ်ဝင်စားမှုမရှိလို့ ရွှေ့ဆိုင်းလိုက်တယ်ဆိုပြီး ပြောင်းလဲသွားတယ်”

Photo: talksport
“စိတ်ဝင်စားမှု မရှိလို့ဟုတ်လား။ ဘာလဲကွာ။ ဒီပွဲလောက် တစ်နှစ်လုံး ဆူညံသံကြားရမယ့် ထိုးသတ်ပွဲ မရှိတော့ဘူး”လို့ The Night Shift Gaming မှာ ပြောကြားခဲ့ပါတယ်။ လိုဂန်ပေါလ်ဟာ ၂၀၁၉ ခုနှစ်မှာ ပြိုင်ဘက် Youtuber ဖြစ်တဲ့ KSI နဲ့ ပရော်ဖက်ရှင်နယ်ဘောက်ဆင်ပွဲအဖြစ် ထိုးသတ်ခဲ့သူဖြစ်ပြီး မေဝယ်သာနဲ့ ထိုးသတ်ရမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုမှာ ခန္ဓာကိုယ်ကို အံ့အားသင့်ဖွယ် အပြောင်းအလဲပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။
