Malibu Sunset ကော့လ်တေး ဆိုတာကတော့ Malibu Coconut Rum နဲ့ ဖျော်စပ်ထားတဲ့ လှပတဲ့ ကော့လ်တေးတစ်ခွက်ပါ။ စွဲမက်ဖွယ် Tropical Flavor နဲ့ လှပတဲ့ ၂ ရောင်စပ်ကာလာတို့ ပေါင်းစပ်ထားပါတယ်။ ပြောရရင် ညနေခင်း နေဝင်ဆည်းဆာအလှကို ထိုင်ကြည့်ရသလို သောက်ချင့်စဖွယ်ကောင်းတဲ့ ကော့လ်တေးတစ်ခွက်ဖြစ်ပါတယ်။

Malibu Sunset ကော့လ်တေး

Photo : A Couple Cooks

Malibu Sunset ကော့လ်တေး ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကိုတော့ အတိအကျရယ်လို့ ပြောဖို့ခက်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Tequila Sunrise ကော့လ်တေးကို မှီငြမ်းပြီး ဖန်တီးထားတဲ့ ကော့လ်တေးတစ်ခွက်လို့ ယူဆရပါတယ်။ Malibu Sunset ကော့လ်တေးဟာ အချိန်အားဖြင့်တော့ ၁၉၈၀ ခုနှစ် နောက်ပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ Coconut Rum ၊ Pineapple Juice ၊ Orange Juice နဲ့ Grenadine စတဲ့ ပါဝင်ပစ္စည်း ၄ မျိုးကို အချိုးကျကျ ပေါင်းစပ်ဖျော်ထားပါတယ်။ ကော့လ်တေးဖျော်စပ်နည်း ကလည်း အရမ်းကိုလွယ်ကူရိုးရှင်းပြီး အိမ်မှာကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်သောက်နိုင်ပါတယ်။

Malibu Sunset ကော့လ်တေး

Photo : A Couple Cooks

ဖျော်စပ်နည်းအဆင့်ဆင့်ကတော့ အရင်ဆုံး ဖန်ခွက်ရှည်တစ်ခွက်ထဲကို ရေခဲထည့်ပါ။ ပြီးရင် Malibu Coconut Rum ၂ အောင်စခန့် ထည့်ပါ။ ထို့နောက် Orange Juice ၂ အောင်စခန့်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပြီးတဲ့နောက် Pineapple Juice ၂ အောင်စကိုလည်း အလားတူ ဖြည်းဖြည်းချင်း ထပ်မံလောင်းထည့် ပေးရပါမယ်။ ပြီးတဲ့အခါ သလဲသီးကနေ ထုတ်ထားတဲ့ ကော့လ်တေးဖျော်ရာမှာသုံးတဲ့ Grenadine အချိုရည်ကို ဖန်ခွက်ရဲ့ အလည်ဗဟိုတည့်တည့်ကနေ အောင်စဝက်ခန့် ဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါ။ Grenadine အရည်တွေက ဖန်ခွက်ရဲ့အောက်ခြေကို တဖြည်းဖြည်းအနည်ထိုင်လာပြီး နေဝင်ဆည်းဆာလို ၂ ရောင်စပ်ကာလာလေး ရရှိလာပါလိမ့်မယ်။ အလှဆင် ထီးလေးတွေ ၊ လိမ္မော်သီးစိပ်နဲ့ ကော့လ်တေးချယ်ရီသီးတွေ အလှဆင်ပြီး လန်းဆန်းချိုမြတဲ့ Malibu Sunset ကော့လ်တေးတစ်ခွက်ရဲ့အရသာ ခံစားနိုင်ပြီဖြစ်ပါတယ်။ ကော့လ်တေးသောက်မယ်ဆိုရင် အရင်ဆုံး သေချာမွှေပြီးမှ သောက်ဖို့မှာ ချင်ပါတယ်။

Featured Photo : Dan Murphy’s