လူတိုင်း ရံဖန်ရံခါ မေ့လျော့ခြင်းကို ခံစားရတတ်တာ သဘာဝပါပဲ။ အသက်အရွယ်အရ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအား လျော့ကျလာတာဟာ ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိတဲ့ အခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မကြာခဏ မေ့လျော့နေတာ ၊ မှတ် ဉာဏ်စွမ်းရည် လျော့ကျနေတယ်လို့ ခံစားနေရတာတွေဟာ နေ့စဉ်ဘဝထဲက နေထိုင်မှုပုံစံအမှားတွေရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ သတိထားဆင်ခြင်နိုင်ဖို့ အရွယ်မတိုင်ခင် Memory Loss ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ၅ ချက်ကို ပြောပြပေးချင်ပါတယ်။

(၁) အိပ်ရေးပျက်များခြင်း

Photo : WebMD

အိပ်စက်ခြင်းက ဦးနှောက်နဲ့ မှတ်ဉာဏ်အတွက် အဓိကအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အိပ်ရေးပျက်တာများရင် မှတ်ဉာဏ်စွမ်းရည်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကျဆင်းစေပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ အနည်းဆုံး အိပ်ချိန် ပုံမှန် ၇ – ၉ နာရီခန့် လိုအပ်ပါတယ်။ ဒါကြောင့် ညစဉ်အိပ်ချိန်လုံလုံလောက်လောက် အိပ်စက်အနားယူပါ။ အိပ်စက်ခြင်းစက်ဝန်းကို အနှောက်ယှက်ဖြစ်စေတဲ့ အရက်နဲ့ ကဖိန်းဓာတ် မှီဝဲခြင်းတွေကို တက်နိုင်သမျှရှောင်ကြဉ်ပါ။

(၂) သွေးပေါင်ချိန်မြင့်တက်ခြင်း

Photo : WebMD

သွေးတိုးရောဂါနဲ့ သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ ဦးနှောက်အတွင်းမှာရှိတဲ့ သေးငယ်တဲ့သွေးကြောမျှင်တွေကို ပျက်စီးစေတာကြောင့် Dementia လို့ခေါ်တဲ့ မှတ်ဉာဏ်ယို့ယွင်းခြင်းပြဿနာ ဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ တခြားနာတာ ရှည် ရောဂါဝေဒနာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အစားအသောက် ၊ လေ့ကျင့်ခန်းနဲ့ သွေးပေါင်ချိန်ကို‌ လျော့ချနိုင်သလို လိုအပ်ပါက ဆရာဝန်ထံ သွားရောက်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်း

Photo : WebMD

စိတ်ဖိစီးမှုနဲ့ မှတ်ဉာဏ်ပြဿနာဟာ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ မြင့်တက်နေချိန်မှာ အာရုံစူးစိုက်ဖို့ခက်ခဲသလို ဦးနှောက်နဲ့မှတ်သားရတဲ့ ကိစ္စတွေမှာလည်း ခက်ခဲမှုရှိနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ စိတ်ဖိစီးမှုများသူတွေဟာ Dementia ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထူးဂရုစိုက်ပြီး စိတ်ဖိစီးမှုကို တက်နိုင်သလောက် လျော့ချဖို့ အကြံပြုချင်ပါတယ်။

(၄) အဝလွန်ခြင်း

Photo : WebMD

သက်လတ်ပိုင်း အမျိုးသားတစ်ယောက်အနေနဲ့ BMI ၃၀ ထက် ကျော်လွန်နေပါက Dementia ဖြစ်နိုင်ခြေပိုများတယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ ကိုယ်အလေးချိန် အလွန်အမင်းများနေခြင်းဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး တစ်ခါတစ်ရံ မှတ်ဉာဏ်ဆိုင်ရာပြဿနာများ ကြုံတွေ့ခံစားရနိုင်ပါတယ်။ အဝလွန်ခြင်းဟာ နှလုံး ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေနဲ့ ဆက်စပ်မှုရှိတာကြောင့် အသက်အရွယ်အလိုက် ရှိသင့်တဲ့ကိုယ်အလေးကို ထိန်းထားဖို့ အကြံပြုချင်ပါတယ်။

(၅) ဦးခေါင်းဒဏ်ရာရခြင်း

Photo : WebMD

ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရထားဖူးသူတွေဟာ Short-Term Memory လို့ခေါ်တဲ့ ရေတိုမှတ်ဉာဏ်ကို ထိခိုက်နိုင်ပါတယ်။ ဥပမာ ချိန်းထားတာတွေ မေ့သွားတာမျိုး ၊ ကိုယ်ပြောမယ့်စကားတစ်ခုကို ချက်ချင်းမေ့သွားတာမျိုး ၊ ခုနက ဘာလုပ်မယ်ဆိုပြီး တွေးထားပေမယ့် အခုသတိမရတော့တာမျိုး စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒီလို မှတ်ဉာဏ်ပြဿနာမျိုးကတော့ ကောင်းကောင်း အနားယူခြင်း ၊ ဆေးဝါးအကူအညီရယူခြင်း စတာတွေနဲ့ ပြန်လည်ကောင်းမွန်လာအောင် ကုသနိုင်ပါတယ်။

အထက်ပါအချက်တွေအပြင် ဆေးဝါး (သွေးတိုကျဆေး ၊ စိတ်ငြိမ်ဆေး) ၊ ဆီးချို ၊ လေဖြတ်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ နှလုံးရောဂါ ၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများ ၊ လေ့ကျင့်ခန်းမလုပ်ခြင်း နဲ့ မျိုးရိုးဗီဇ တွေကြောင့်လည်း Memory Loss လို့ခေါ်တဲ့ မှတ်ဉာဏ်ယို့ယွင်းခြင်း ပြဿနာ ဖြစ်ပေါ်စေနိုင်ပါတယ်။

Featured Photo : Step To Health